ဘန်းချောင်းစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆို
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့တွေ၊ ဒေသခံတွေက နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
-
2018-05-28 -
-
-
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့တွေ၊ ဒေသခံတွေက နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
ဒေသခံတွေ လက်တွေ့ခံစားနေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပြီး အကောင်းဆုံးအဖြေကို ရရှိဖို့ မျှော်လင့်တယ်လို့ တေ့ွဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ထားဝယ်အခြေစိုက် တာကပေါအဖွဲ့ က မနော်ပီသလော က ပြောပါတယ်။
"ကျမတို့ အခု ဒီလာတွေ့တဲ့အခါမှာကျတော့ ကျမတို့ကတော့ အကောင်းဆုံးအဖြေကို မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်မှာ ဖြစ်နေတဲ့ဟာကို အပြီး တင်ပြပြီးပြီ။ ပြီးတော့ KNU ကလည်း ဒါကို မပေးတော့ဘူးဆိုတဲ့စာကို ပေးခဲ့ပြီးပြီ။ ကျမတို့ကတော့ ဒီကုမ္ပဏီကို ဖျက်ပေးသင့် မပေးသင့် အကောင်းဆုံး ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်တယ်"
အဲဒီ ဘန်းချောင်း ကျောက်မီးသွေးတူးဖော်တဲ့ စီမံကိန်းလုပ်ကွက်ကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က လုံးဝသက်တမ်းတိုး ခွင့်ပြုတော့မှာမဟုတ်ကြောင်း အရပ်ဖက်အဖွဲ့တွေထံ KNU ရဲ့ အကြောင်းပြန်စာကိုလည်း သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိနေသလို ဒေသခံတွေ ရောဂါဝေဒနာတွေ ခံစားနေရတဲ့ အကြောင်းကိုလည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဘန်းချောင်းစီမံကိန်းကို ၂၀၁၂ ခုနှစ်မှာ မေဖလားဝါး မိုင်းနင်းကုမ္ပဏီက စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီရပ်ဆိုင်းထားခဲ့ပေမယ့် အဲဒီစီမံကိန်းကြောင့် ကျောက်မီးသွေးတွေ မီးလောင်တာ၊ အနံ့ဆိုးထွက်တာတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် သက်တမ်းထပ်တိုးမပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေတာဖြစ်ပါတယ်။
အဲဒီ စီမံကိန်းဟာ ကေအဲန်ယူ သတ္တုတွင်းဌာန ခွင့်ပြုချက်၊ အစိုးရရဲ့ သတ္တုတွင်းဦးစီးဌာန ခွင့်ပြုချက်တို့နဲ့ လုပ်ကိုင်တာဖြစ်တယ်လို့ သိရပါတယ်။