ကိုအောင်ကိုထွေးကို အမြန်ဆုံးလွှတ်ပေးဖို့ အရပ်ဖက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ လက်ရှိ တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ခြွင်းချက်မရှိ ရုပ်သိမ်းပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်အပြီး တွေ့ရစဉ် Photo: Aung Thain Kha/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ လက်ရှိ တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ခြွင်းချက်မရှိ ရုပ်သိမ်းပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ကိုအောင်ကိုထွေးရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို အကာအကွယ်ပေးဖို့နဲ့ တပ်မတော်နဲ့ တရားရေးမဏ္ဍိုင်ကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ကြေညာချက် ထုတ်ပြန်တာလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ)ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က ပြောပါတယ်။

"အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီဟာက လူအခွင့်အရေးအရလည်း အထူးသဖြင့် မီဒီယာမှာ အင်တာဗျူးကို တရားစွဲတာဖြစ်တဲ့အတွက် သူရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ မဖြစ်မနေ အကာအကွယ်ပေးမှရမယ် ဆိုတဲ့ဟာမျိုး ကျနော်တို့ ညှိနိုင်းတိုင်ပင်ပြီးတော့ ဒီကြေညာချက်ကို ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့ statement ထဲမှာ အဓိက ကန့်ကွက်ရှုံ့ချထားတဲ့ သဘောကတော့ တရားစွဲဆိုတဲ့ တပ်မတော်နဲ့ အမိန့်ချတဲ့ တရားရေးမဏ္ဍိုင်ကို ဒီအမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက် ရှုံ့ချကြောင်း ပြောထားတာဖြစ်ပါတယ်"

ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Action Committee for Democracy Development (ACDD)၊ Peace and Justice၊ စိမ်းရောင်စို၊ Citizen Action for Transparency ၊ Equality Myanmar Human Right Educator Network ဗေဒါလူမှုဖွံ့ဖြိုးရေးအဖွဲ့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်း၊ ပေါင်းကူး၊ လူ့ဘောင်သစ်လူငယ် စတဲ့ အဖွဲ့ပေါင်း ၁၅၄ ဖွဲ့က ပူးပေါင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ကိုအောင်ကိုထွေးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက RFA သတင်းဌာနကို ကလေးစစ်သားဘ၀ အတွေ့အကြုံတွေ ဖြေကြားခဲ့တာကြောင့် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

အမှုစစ်ဆေးနေစဉ်ကာလမှာ ကိုအောင်ကိုထွေးဟာ တရားရုံးမထီမဲ့မြင်မှုပုဒ်မနဲ့ အမြင့်ဆုံးထောင်ဒဏ် ၆ လ ချမှတ်ထားပြီး ပုဒ်မ ၅၀၅(ခ) အတွက် မတ်လ ၂၈ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် ခံထားရပါတယ်။

ဒါ့အပြင် တရားရုံးထုတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့နင်းခဲ့တဲ့အတွက် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့လည်း ထပ်မံတရားစွဲဆိုခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org