လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံ ငါးရာခန့် မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးလာရ
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အောက်တိုဘာ ၂၇ ရက်ကစပြီး ဒေသခံ ငါးရာနီးပါး မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးလာကြရတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
- 2023-10-28
-
-
-
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အောက်တိုဘာ ၂၇ ရက်ကစပြီး ကျောက်တလုံး၊ ညောင်ကုန်း (အထက်)၊ ညောင်ကုန်း (အောက်) စတဲ့ရွာတွေက ဒေသခံ ငါးရာနီးပါး မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးလာကြရတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကနေ ရွာတွေဘက်ကို အောက်တိုဘာ ၂၆ ရက် မနက်ကစပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးလာရတာလို့ ဆိုပါတယ်။
ထွက်ပြေးလာရသူတွေဟာ လက်ရှိ မိုးကုတ်မြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း လေးခုမှာ ခိုလှုံနေရတယ်လို့ မိုးကုတ်မြို့ခံတွေက RFA ကိုပြောပါတယ်။
လက်နက်ကြီးပစ်ခတ်ရာ ဗျူဟာကုန်းအနီးတစ်ဝိုက်မှာရှိတဲ့ နေအိမ်တွေမှာ မှန်တံခါးတွေ ကွဲတာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က မနက်ကတည်းပစ်နေတာ ဆက်တိုက်ပဲ။ ဒီနေ့မနက် ၇ နာရီလောက် တစ်ချိန်ပစ်တယ်။ ခဏနားပြီး တစ်နေကုန် ဆက်တိုက်ပစ်နေတာ။ အနားကအိမ်တွေဆို မှန်တံခါးတွေပါ ကွဲတယ်"
မိုးကုတ်မြို့က စစ်ကောင်စီတပ် ရဟတ်ယာဉ်ဆင်းတဲ့ကွင်းမှာလည်း အတွဲလိုက်ပစ် ဒုံးစင်တွေ တပ်ဆင်ထားတဲ့ ကားကြီးနှစ်စီး ထပ်ရောက်နေတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုသီတင်းပတ်အတွင်း မိုးကုတ်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေကို လာရောက်ခိုလှုံတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်လည်း တဖြည်းဖြည်း များလာတယ်လို့ မိုးကုတ် မြို့ခံတွေက ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မိုးကုတ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေနဲ့ တိုက်ပွဲအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။