လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရ
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ AA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအနီးဝန်းကျင် ရွာတချို့က ဒေသခံတစ်ထောင်ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2025-03-18 -
-
-
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအနီးဝန်းကျင် ရွာတချို့က ဒေသခံတစ်ထောင်ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း ရိုးမတောအနီးက ချင်းလယ်ရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် AA ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ရိုးမတောအနီးမှာရှိတဲ့ ဝတ်ကုန်း၊ လဲခုံကြီး၊ လဲခုံလေး၊ ရှားတောစု၊ စမ်းကုန်း စတဲ့ ရွာတွေက ဒေသခံတစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ပြောင်းရွှေ့နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဝတ်ကုန်းအုပ်စုပေါ့လေ။ လဲခုံကြီးတို့၊ ဝတ်ကုန်းတို့၊ စမ်းကုန်းတို့ အဲဒါတွေက ရွာတွေ ရွှေ့ရတယ်။ လူဦးရေကတော့ တစ်ထောင်လောက် ရှိတယ်"
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ ပုသိမ်-မုံရွာ ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်က အင်အားဖြည့်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လေးမျက်နှာမြို့နယ်က တိုက်ပွဲဖြစ်ရာနေရာကို ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေရှိခဲ့ပြီး လက်ရှိမှာ လေးမျက်နှာမြို့နယ်ထဲမှာပါ တိုက်ပွဲတွေဖြစ်ပွားလာတာလို့ ဒေသခံတွေက ပြောပါတယ်။