စပါးသိမ်းတဲ့လယ်ကွင်းအနီး တိုက်ပွဲရပ်ထားဖို့ ရခိုင်အရပ်ဘက်အဖွဲ့ ပန်ကြား

စပါးရိတ်သိမ်းနေတဲ့ လုပ်ငန်းခွင်ဝန်းကျင် တိုက်ပွဲတွေမရှိစေရေး အောက်ခြေကို ညွှန်ကြားဖို့ တပ်မတော်နဲ့ AA တို့ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မရိတ်သိမ်းရသေးတဲ့ စပါးခင်းတစ်ခုကို ၂၀၁၉၊ နိုဝင်ဘာလက တွေ့ရစဉ် ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

လက်ရှိအချိန်ဟာ စပါးရိတ်သိမ်း၊ ချွေလည့်၊ သိမ်းဆည်းရတဲ့ ကာလဖြစ်ပြီး နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တောင်သူတွေရဲ့ ရိတ်သိမ်းပြီး သိုလှောင်ထားတဲ့ စပါးတွေကိုလည်း သံသယနဲ့ ဖျက်ဆီး သိမ်းပိုက်တာတွေမလုပ်ဖို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

လယ်သမားတွေရိတ်သိမ်းပြီး သိုလှောင်ထားတဲ့စပါးတွေဟာ တစ်ဘက်အဖွဲ့ အထောက်အပံ့ဖြစ်မယ့် ရိက္ခာတွေဆိုပြီး ဖျက်ဆီး သိမ်းယူတာ မလုပ်ဖို့လည်း တောင်းဆိုတယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“တချို့ ရိတ်သိမ်းပြီးစပါးတွေကို ရွာတွေမှာ စပါးကျီမှာ သိုလှောင်ထားတဲ့အခါမှာ ဒါက AA အတွက် ရိက္ခာစုဆောင်းထားတာဆိုပြီး သံသယတွေနဲ့ စပါးတွေကို ရွာသားတွေမရှိတဲ့အချိန် ဖျက်ဆီးသွားတာ သိမ်းဆည်းသွားတာတွေရှိတယ် ဒါတွေကိုပါ မဖြစ်အောင် တောင်းဆိုထားတာဖြစ်တယ်။”

လယ်ယာ လုပ်ငန်းခွင်အတွင်း မိုင်းထောင်တာ၊ တိုက်ပွဲဖြစ်တာ လုပ်ငန်းခွင်ဆင်းနေသူတွေကို သံသယနဲ့ ဖမ်းဆီးတာ ပစ်ခတ်တာတွေဟာ လယ်ယာလုပ်ငန်းအတွက် ချိန်းခြောက်မှုတွေဖြစ်နေတယ်လို့လည်း ပြောပါတယ်။

REC ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ AA ပြောခွင့်ရှိသူတွေထံ RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးကြောင့် ဒုက္ခရောက်နေသူ ၉၆၀၀၀ ကျော်မှာ ၈၀ ရာခိုင်နှုန်းက  တောင်သူလယ်သမားတွေ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးဖို့အတွက် ချေးယူထားတဲ့ ချေးငွေကို စပါးရိတ်သိမ်းနိုင်မှ ပြန်ဆပ်နိုင်မှာဖြစ်တယ်၊ လာမယ့်နှစ် ဝမ်းစာအတွက် သိုလှောင်မယ့် စပါးကို လူသားချင်း စာနာစိတ်ထားပြီး ရှောင်ရှားပေးကြဖို့ လိုတယ်လို့လည်း REC က နှစ်ဘက်တပ်တွေကို တိုက်တွန်းထားပါတယ်။

မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီးမှာ တိုက်ပွဲတွေကြောင့် စပါးစိုက်ခင်းတွေ အခုထိ မရိတ်သိမ်းနိုင်သေးဘူးလို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့  ဥက္ကဋ္ဌလည်းဖြစ် လယ်သမားတစ်ဦးလည်းဖြစ်သူ ဦးစောနိုင်က ပြောပါတယ်။

“စိုက်တုန်းအချိန်က စိုက်ခဲ့တာပေါ့ အခုရိတ်သိမ်းရတဲ့အခါ အပြင်ဘက်က ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ တိမ်ညိုနယ်ထဲမှာရှိတယ် ထိပ်ဝပြင်နားမှာ လင်းမြွေတောင်ဆိုတာ အဲဒီတောင်နားမှာ စစ်စခန်းချထားတာရှိတယ်။ အဲဒီအနီးအနားမှာ ရိတ်လို့ကိုမရတာ အဲဒီနားကို လူပဲလာလာ စက်ပဲလာလာ လှမ်းပစ်တာရှိတယ် တောင်ပေါ်ကနေ။”

တိုက်ပွဲတွေကြောင့် မြောက်ဦး၊ အောက်သားကန်နဲ့ လက္ကာကျေးရွာတွေဟာ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် စပါးခင်းတွေ မရိတ်နိုင်သလို ရိတ်သိမ်းပြီး သိုလှောင်သိမ်းဆည်းဖို့အတွက်လည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။

ရိတ်သိမ်းဖို့အတွက်လည်း လုပ်သား ရှားပြားမှုပြဿနာ ကြုံတွေ့နေရတာပါ။ စက်နဲ့ မရိတ်သိမ်းနိုင်တဲ့ နေရာတွေမှာ လူအင်အားနဲ့ ရိတ်သိမ်းဖို့ အဆင်မပြေဘူးလို့လည်း ပြောပါတယ်။

REC ရဲ့ ထုတ်ပြန်ချက်ထဲမှာ တောင်သူတွေ ကြုံတွေ့နေရတဲ့ လုပ်သား အခက်အခဲ၊ လုပ်ငန်းခွင် လုံခြုံမှု အခက်အခဲတို့ကို ထိရောက်စွာကူညီပေးဖို့ အစိုးရကို တောင်းဆိုထားသလို၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အကျိုးအမြတ်ကို ပဓာန မထားဘဲ ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

မြောက်ဦးမြို့နယ်မှာ စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်တဲ့ ဧက နှစ်သောင်းကျော် ရှိနေပြီး တစ်မြို့လုံးဆိုရင် ဧက ၄ သောင်းကျော် ရှိနိုင်တယ်လို့ ဦးစောနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိပြီး မစိုက်ပျိုးနိုင်တဲ့ဧက နှစ်သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org