ပုဏ္ဏားကျွန်းမှာ ရဲဖမ်းထားတဲ့ ၁၁ ဦးထဲက ယာဉ်မောင်းကို ရုံးထုတ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၁၁ ဦးထဲက ယာဉ်မောင်းကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ဆိုင်းဘုတ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၁၁ ဦးထဲက ယာဉ်မောင်းကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့တုန်းက ပုဏ္ဏားကျွန်းမြို့နယ်မှာ ခရီးသွားနေတဲ့ ကားတစ်စီးပေါ်က ရခိုင်လူငယ် ၁၀ ဦးနဲ့ ယာဉ်မောင်း တစ်ဦးကို ပုဏ္ဏားကျွန်းမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ဒီဖမ်းဆီးထားတဲ့သူတွေကို ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ရမန်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့် ဖမ်ဆီးခံရသူတွေထဲမှာပါဝင်တဲ့ ပြာပင်ရင်းကျေးရွာသား နှစ်ဦးရဲ့ မိသားစုဝင်တွေဟာ တရားရုံးမှာ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။

နေ့လည်ပိုင်းမှာ ယာဉ်မောင်းတစ်ဦးထဲကိုပဲ ရုံးထုတ်စစ်ဆေးခဲ့ပြီး ကျန်တဲ့လူတွေမပါဘူးလို့ ပြာပင်ရင်းကျေးရွာသား နှစ်ဦး ဖခင် ဦးမောင်ကျော်သန်းက ပြောပါတယ်။

"ပုဏ္ဏားကျွန်းတရားရုံးမှာ ကျနော်တို့က ရမန်ယူဖို့ရောက်လာမယ်ဆိုလို့ စောင့်ဆိုင်းနေပါတယ် လွန်ခဲ့တဲ့ အချိန်တစ်နာရီကျော် နှစ်နာရီလောက်မှာ ကားသမားကတော့ ရောက်လာပါတယ် ကျန်တဲ့သူတွေကတော့ ပါမလာသေးဘူး"

ဒီဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာပါဝင်တဲ့ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာက ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားနဲ့ ၁၂ နှစ်ရွယ် ကလေးနှစ်ဦး မိသားစုကို ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှူးက ဖုန်းဆက်အကြောင်းကြား ခဲ့ပေမယ့် မိသားဝင်တွေ မနေ့ညက ပြန်လည်ဆက်သွယ်ပေမယ့် ဖြေကြားတာမရှိတော့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ဒီကလေးနှစ်ဦး အပါအဝင် ဖမ်းဆီးရသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

ဖမ်းဆီးခံလူငယ်တွေကို စစ်တွေမြို့မှာ ပြောင်းရွှေ့ထားတယ်လို့ သတင်းတွေကြားရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

ဒီအမှုတွေမှာဆို စစ်တွေမှာထားတယ် နယ်အချုပ်စခန်းတွေမှာ မထားဘူး

"မနေ့တုန်းက ၁၀ နာရီလောက်တုန်းက စစ်တွေမြို့ကို ပြောင်းသွားတယ်လို့ ပြောတယ် အဲဒါလည်းဖြစ်နိုင်ပါတယ် အဲလိုအမှုကြီးတွေကို နယ်မှာမထားဘူး ဒီအမှုတွေမှာဆို စစ်တွေမှာထားတယ် နယ်အချုပ်စခန်းတွေမှာ မထားဘူး"

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ မနေ့ကရက်စွဲနဲ့ ပုဏ္ဏားကျွန်းမြို့က မသင်္ကာဖွယ်ကားတစ်စီးပေါ်မှာ လူငယ် ၁၀ ဦးကို တွေ့ရပြီး စစ်ဆေးမေးမြန်းရာမှာ AA အဖွဲ့ကို ဝင်ရောက်မယ့် လူငယ် ရှစ်ယောက်ကို တွေ့ရှိတာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ရေး ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ စစ်ဆေးနေလို့ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

"ရဲကနေ အမှုဖွင့်ထားတယ် ကျနော်တို့သတင်းလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။ ရဲကအမှုဖွင့်တာပါ လိုအပ်တဲ့စစ်ကြောမေးမြန်းမှုတွေ လုပ်နေတာပေါ့။ အဲအပေါ်မှာ ရလာတဲ့အဖြေတစ်ခုအပေါ်မှာ မူတည်ပြီးတော့မှ သူတို့ ဆက်လုပ်မှာပေါ့ ဘာအဖြေရမှန်းမှ ကျနော်မသိသေးတာ"

ဒီဖမ်းဆီးခံလူငယ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမောင်မောင်စိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ -

"အခြေအနေက စစ်ဆေးနေတယ် အသက်လေးတွေက ငယ်သေးတယ် လူငယ်ပိုင်းဖြစ်နေတော့ ၁၅နှစ် ၁၆နှစ် ကားဝစ်သောက်တွေ့လိုက်တော့ ပိုဆိုးသွားတာပေါ့။ ကားဝစ်သောက်နဲ့ လူငယ်တွေကို ခေါ်လာတော့ ဘာလုပ်ဖို့လည်း လူကုန်ကူးဖို့လား အခြားဘာကိစ္စရှိလို့လည်း ဒါတွေစစ်ဆေးနေတာပါ"

ဒီဖမ်းဆီးခံထားရတဲ့သူတွေကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို့ မိသားစုနဲ့ ခုချိန်ထိ တွေ့ခွင့်မပေးတာကြောင့် စိုးရိမ်နေကြောင်း ဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးရဲ့ ဖခင် ဦးမောင်ကျော်သန်းက ပြောပါတယ်။

"စိုးရိမ်တာပေါ့ ဘာများဖြစ်နေမလဲ ဒီကလေးတွေ အစားအစာကော စားရရဲ့လား ကျန်းမာရေးကော ကောင်းရဲ့လား ကလေးတွေနဲ့မတွေ့ရတောင် သတင်းအချက်အလက်လေး ရချင်တာပေါ့"

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန် လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော် က သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org