ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ

ရန်ကုန်မြို့မှာ မိုးပျံရထားနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်နိုင်မယ့် အခြေအနေကို အစိုးရက လေ့လာနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီတော်ပုံ ဖြစ်ပါသည်။ AFP

ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ကြည့်နေတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ အလားတူ စီမံကိန်းမျိုးဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးအောင်မင်းက ပြောပါတယ်။

ရန်ကုန်မှာ တည်ဆောက်ဖို့ စဉ်းစားနေတဲ့ မိုးပျံနဲ့ မြေအောက် ရထားလိုင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွေက ပုံစံမျိုး တည်ဆောက်ဖို့ ကြံဆနေတာလို့ ဦးအောင်မင်းက ဆိုပါတယ်။

ဒီရထားလိုင်း စီမံကိန်းကို အမေရိကန်၊ ဂျာမနီ၊ ဂျပန်နဲ့ စင်္ကာပူက ကုမ္ပဏီတွေ စိတ်ဝင်စားနေကြတယ်လို့လည်း သူကပြောပါတယ်။ ဒီအစီအစဉ်ကို ဘယ်တော့လောက်စပြီး အကောင်အထည် ဖေါ်မှာလဲလို့ ရိုက်တာသတင်းထောက်တွေက မေးတဲ့အခါ ဒီကိစ္စဟာ BOT စနစ်လို့ ခေါ်နေကြတဲ့ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း ဆိုတဲ့ အခြေအနေပေါ်မှာ တည်နေလို့ တည်ဆောက်မယ့် ကုမ္ပဏီတွေ ရှိလာရင် ညှိနှိုင်းဆွေးနွေး လုပ်ကိုင်ခွင့်ပြုမှာဖြစ်ကြောင်း ရထားဝန်ကြီးက ပြန်လည ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အချာကျတဲ့ ရန်ကုန်မြို့မှာ လူဦးရေ ၆ သန်းလောက်ရှိပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံနေထိုင်ကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org