ရန်ကုန် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဒုတိယအကြိမ် လူထုဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ အင်းယားလမ်းပေါ်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ကို ဗုဒ္ဓဘာသာ သံဃာတော် အပါး (၇၀၀) ကျော် အပါအဝင် လူ (၁၀၀၀) ကျော် လောက်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

2012.10.08
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ ဗုဒ္ဓဘာသာ အဆောက်အဦများကို မွတ်စလင်အစွန်းရောက်တို့ အကြမ်းဖက် ဖျက်ဆီးခဲ့မှုအပေါ် သံဃာတော် အပါး (၇၀၀) ကျော် အပါအဝင် လူ (၁၀၀၀) ကျော်တို့က ရန်ကုန်မြို့၊ အင်းယားလမ်းပေါ်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။
RFA

ဒီကနေ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ဒုတိယအကြိမ် ဖြစ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့တုန်းကလည်း ဗုဒ္ဓဘာသာ သံဃာတော် အပါး ၁၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ မရာမာကြီး တိုင်းရင်းသား အဖွဲ့အစည်း၊ ရခိုင်အမျိုးသားကွန်ယက် အဖွဲ့ကလည်း ပါဝင်ခဲ့ကြပါတယ်။

မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘုန်းတော်ကြီးကျောင်းတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက်ပေးရန်၊ ဘာသာရေး လွတ်လပ်မှုကို လေးစားရေး၊ အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ အစွန်းရောက် မူဆလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဥပဒေနဲ့အညီ အရေးယူ ပေးရန် စတဲ့ တောင်းဆိုချက် ၁၄ ချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ ပန်းဝါ ခေါ် ရာမူးမြို့က ဖျက်ဆီးမီးရှို့ခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေနဲ့ ဒေသခံတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရမှာ တာဝန်ရှိကြောင်းနဲ့ ဖျက်ဆီးခံရသူတွေကို ကူညီမှုတွေ ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီမှာ စတင် ကျင်းပတဲ့ လူထုအစည်းအဝေးကို ဘာသာပေါင်းစုံက လူပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နဲ့ အတူ ပြည်ထဲရေးဝန်ကြီးနဲ့ ကော့ဘဇားခရိုင် အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်က အကြမ်းဖက်သမားတွေ ထပ်မံ မတိုက်ခိုက်ရန် အတွက်လည်း အစိုးရက လုံခြုံရေး ချထားပေးကြောင်း ပြောဆိုခဲ့တဲ့အပြင် ဖျက်ဆီးခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကိုလည်း သွားရောက် အားပေးခဲ့ပါတယ်လု့ိ သိရပါတယ်။  

အောက်တိုဘာလ ၇ ရက် နေ့ ကလည်း ကော့ဘဇားခရိုင်မှာ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အိုးအိမ်တွေကို မတိုက်ခိုက်ဖို့ အတွက် ထောင်ချီတဲ့ ဘာသာပေါင်းစုံက လူတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တယ် လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ မြန်မာသံဃာတွေ စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ အခြေအနေတွေကို မသင်းသီရိက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။