ရမ်းဗြဲမှာ စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတွေအပါအဝင် ငါးဦး ဒဏ်ရာရ
ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်မှာ မေ ၁၆ ရက်က စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ကလေးသုံးဦးအပါ မိသားစုဝင် ငါးဦး ဒဏ်ရာရသွားပါတယ်။
-
RFA Burmese
2024-05-17 -
-
-
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်မှာ မေလ ၁၆ ရက် မနေ့က စစ်လက်ကျန်ဗုံးသီး တစ်လုံးပေါက်ကွဲလို့ ကလေးသုံးဦးအပါအဝင် မိသားစုဝင် ငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသက် ၁ နှစ်အရွယ် မခိုင်သဇင်ဖြိုး၊ ၃ နှစ်အရွယ် မယဉ်ယဉ်နု၊ ၁၄ နှစ်အရွယ် မောင်ကျော်ကျော်သိန်းတို့နဲ့ သူတို့ရဲ့ မိခင်ဖြစ်သူ ဒေါ်နုဝင်းရီနဲ့ အသက် ၃၀ အရွယ် ဒေါ်ဝင်းဝင်းရီတို့ ဒဏ်ရာရခဲ့တာပါ။
စစ်လက်ကျန်ဗုံးသီးကို ကလေးတွေက နေအိမ်ကို ကောက်ယူလာစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရမ်းဗြဲ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးက ဗုံးသီးကို အိမ်ကိုယူလာတယ်။ အဲဒါကို သူ့အမေမြင်တော့ အမြန်လွှင့်ပစ်ဖို့ အော်ပြောတယ်။ အဲဒါကို ကလေးက လန့်ပြီး လွှင့်ချတဲ့အခါ ပေါက်ကွဲသွားတာပေါ့။ ကလေး သုံးယောက်ရယ်၊ သူ့အမေနဲ့ ဒေါ်ဝင်းဝင်းရီဆိုတဲ့တစ်ယောက် ဒဏ်ရာရသွားတယ်”
မေလ ၁၅ ရက်နေ့ကလည်း မြေမြှုပ်မိုင်းနင်းမိလို့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက လူငယ်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်း အရပ်သား ကိုးဦး သေဆုံးပြီး အယောက် နှစ်ဆယ် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် စစ်ရေးပြင်းထန်နေတဲ့ ဒေသခံတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ နေ့စဉ်နဲ့အမျှ တိုးလာနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။