INGO အခန်းကဏ္ဍ ရခိုင်အမျိုးသားညီလာခံ အသိအမှတ်ပြု
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ INGO တွေရဲ့ အခန်းကဏ္ဍကို ငြင်းပယ်လို့ မရကြောင်းနဲ့ အတူတကွ လက်တွဲဆောင်ရွက်ရေးမူကိုသာ လက်ကိုင်ထား ဖို့ လိုအပ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့ဖြစ်တဲ့ မနေ့က သဘောထားပေးခဲ့ကြပါတယ်။
-
2014-04-28 -
-
-
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ INGO တွေရဲ့ အခန်းကဏ္ဍ ကို ငြင်းပယ်လို့ မရကြောင်းနဲ့ အတူတကွ လက်တွဲဆောင်ရွက်ရေးမူကိုသာ လက်ကိုင်ထားဖို့ လိုအပ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့ဖြစ် တဲ့ မနေ့က သဘောထား ပေးခဲ့ကြပါတယ်။
အဓိကထားဆွေးနွေးကြတဲ့အထဲ က နိုင်ငံတကာ အဖွဲ့တွေရဲ့ အရေးပါတဲ့ကဏ္ဍ နဲ့ပတ်သက်ပြီး ရခိုင် အမျိုးသား ညီလာခံကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးညီညီမောင် က အခုလိုပြောပါတယ်။
"ကျနော်တို့ ဒီရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ INGO များအခန်းကဏ္ဍကို ဆွေးနွေးပါတယ်။ ကျနော်တို့ ဒီရခိုင်ပြည်နယ်မှာ INGO တွေကဖယ် ထားလို့မရဘူးပေါ့နော် အကုန်လုံးလက်တွဲပြီးတော့ ကျနော်တို့ အကောင်းဘက်ကနေ ကြည့်ပြီးတော့ လက်တွဲပြီးလုပ်မယ်ဆိုရင် အဲ့ဒီနေ့ကို အများသဘော နဲ့ဆွေးနွေးကြပါတယ် ။ဆွေးနွေးပြီးရလာတဲ့ ရလဒ်တွေကို ကျနော်တို့ ပြန်လည်ပူးပေါင်း ပြီးတော့ ပြန်ဆွေးနွေးဖို့ ရှိပါတယ်။"
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံ ကို လာမယ့် မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာကျင်းပနေတာပါ။ အဲဒီ ညီလာခံကို ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ် တွေ ၊ ပြည်နယ်အစိုးရ နဲ့ ပြည်တွင်းပြည်ပက ရခိုင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ၊ ရခိုင်ပါတီကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော် တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂွမြို့ကနေ ကျော်ဖြူမြို့အထိ မိုင်ပေါင်း ၂ဝဝ လောက် ကြွချီနေကြတဲ့ သံဃာတော်တွေကလည်း ကျေးလက်ဒေသတွေမှာ ပညာရေး ကျန်းမာရေး လိုအပ်ချက်တွေကို စာရေးသားပြီး ညီလာခံ ဥက္ကဌထံ မနေ့က ပေးပို့ထားတယ်လို့ သိရပါတယ်။