ခရီးသွားခွင့်တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေ ရန်ကုန်ရောက်
ရှမ်းပြည်နယ် ကျိုင်းတုံကို သွားလာခွင့် တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေထဲက ၄၀ ဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
-
2018-08-29 -
-
-
ရှမ်းပြည်နယ် ကျိုင်းတုံကို သွားလာခွင့် တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေထဲက ၄၀ ဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ခရီးသွားခွင့် တားမြစ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဦးဇော်အေးမောင် ပြောကြားခဲ့တဲ့ အခြေအနေကို သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက အခုလိုပြောပါတယ်။
"ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက အဲဒီဘက်ကို ဘာဖြစ်လို့သွားရတာလဲ အဲလိုတော့မေးတယ်၊ ရခိုင်တိုင်းရင်းသားတွေကလည်း ဖြေပါတယ်၊ ကျနော်တို့က ဆင်းရဲတယ် ပြီးလို့ရှိရင် ရခိုင်မှာ လုပ်စရာ အလုပ်မရှိဘူး၊ အဲဒီကို သွားပြီး အလုပ်လုပ်တာဖြစ်တယ်၊ အဲဒီဘက်ကရှိတဲ့လူတွေကလည်း စိုက်ခင်းတွေ မှာပေါ့ တစ်လကို ၃ သိန်းလောက်ရမယ်ဆိုပြီးပြောလို့ ကျနော်တို့ သွားပါတယ်လို့ ပြောပါတယ်၊ ဝန်ကြီးက ပြောတာကတော့ အဲဒီမှတ်ပုံတင်သိမ်းတာတို့ အတားခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးလို့တော့ အဲဒီဘက်က အနက်ရောင်နယ်မြေဖြစ် တယ်ပေါ့လေ သူပုန်တို့ ကြီးစိုးတဲ့နယ်မြေဖြစ်လို့ တားဆီးတဲ့ အရပ်ဖြစ်တယ်လို့ ပြောပါတယ်၊ တခြားတစ်ယောက်က ပြောပါတယ်ခင်ဗျ၊ ကျနော်တို့ မသွားရလို့ရှိရင် တခြားတိုင်းရင်းသားတွေလည်း ဘာဖြစ်လို့ရောက်သွားတာလဲ အဲလိုတွေတော့ မေးတာတွေရှိပါတယ်၊ ဝန်ကြီးကတော့ ပြန်ဖြေရှင်းတာတော့ ကျနော် မကြားလိုက်ဘူး"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ကျိုင်းတုံကိုသွားမယ့် ရခိုင်တိုင်းရင်းသားတွေကို ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ် မှာရှိတဲ့ သံလွင်ကူးတို့ရဲကင်းစခန်းက တားမြစ်ပြီး မှတ်ပုံတင်တွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
တောင်ကြီးမြို့ကနေ ကျိုင်းတုံကိုသွားဖို့ ထွက်လာတဲ့ကားတွေကို သံလွင်ကူးတို့ ရဲကင်းစခန်းက စစ်ဆေးတဲ့အခါ ခရီးသည်တင်ကား ၇ စီးမှာ လိုက်ပါလာတဲ့ ရခိုင်တိုင်းရင်းသား ၅၁ ယောက်ကို ဆင်းနေခိုင်းပြီး ကျန်တဲ့ ခရီးသည်တွေကို ဆက်သွားခွင့်ပြုခဲ့တာဖြစ်ပါတယ်။
၅၁ ယောက်ထဲက ၁၁ ယောက်က ရခိုင်ကို ပြန်သွားပြီး ရန်ကုန်ကို ရောက်ရှိလာသူ အယောက် ၄၀ ကိုတော့ ရခိုင်အမျိုးသားကွန်ယက်၊ ရခိုင်ပရဟိတ အသင်းတချို့က တောင်ကြီးမြို့မှာ သွားရောက်တွေ့ဆုံ ကူညီပေး ခဲ့ကြတာဖြစ်ပါတယ်။
တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် နေရပ်ဒေသအသီးသီးကဖြစ်ကြပြီး ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်တွေမှာ ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် သွားကြတာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဖြစ်ပေမယ့် နိုင်ငံသားအခွင့်အရေး အပြည့်အဝမရဘဲ အများနည်းတူ လွတ်လပ်စွာသွားလာခွင့်မပြုဘဲ တားမြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ သိရှိအောင် မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။