ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့လောက်အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ သေဆုံးသူ ၈၈ ဦး နဲ့ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရသူပေါင်း နှစ်သောင်း ခြောက်ထောင်လောက်ရှိနေပြီလို့ ဒီကနေ့ အစိုးရက ထုတ်ပြန်ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူများအား တွေ့ရစဉ်။ RFA

မနေ့က ထုတ်ပြန်တဲ့ စာရင်းအရ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၂၂၀၀၀ လောက်ရှိမယ်လို့ ပြောတဲ့အတွက် ဒီကနေ့ ထုတ်ပြန်ချက်ဟာ နောက်ထပ် များလာတာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၄၉ ဦး နဲ့ အမျိုးသမီး ၃၉ ဦးဖြစ်တယ်လို့ အစိုးရ အရာရှိ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပေါက်တော ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ ၊ ရသေ့တောင် စတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတွေမှာ အိမ်ခြေ ရာပေါင်းများစွာ ဆုံးရံှုးတယ်လို့လည်း သိရပါတယ်။ ပေါက်တောမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုမှာ အိမ်ခြေ အလုံးရေ ၃၀၀ မီးလောင်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၇၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ရှိပြီးသားဖြစ်တာကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းတစ်သောင်းကျော်လောက် ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးခွဲအဆိုအရ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပြီး ကူညီနေပေမယ့် ရေရှည် ထောက်ပံ့ကူညီနိုင်ဖို့ ငွေကြေး နဲ့ တခြား လိုအပ်ချက် အခက်အခဲတွေ များလာမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org