ရခိုင်ပြည်နယ် ပဋိပက္ခ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်

ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့သမ္မတ ပေးပို့လိုက်တဲ့ ရခိုင်ပြည်နယ်အရေး သဝဏ်လွှာနဲ့ အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းကို ရခိုင် တိုင်းရင်းသား အမတ်တွေ ကန့်ကွက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမ္မတရုံးအရာရှိ (၂) ဦးက RNDP အမတ် ၅ ဦးနဲ့ မနေ့ညနေက အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

စစ်တွေမြို့တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် ပျက်ဆီးသွားသော အဆောက်အဦးများကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။ AFP

ရခိုင်တိုင်းရင်းသား အမတ်တွေ ကန့်ကွက်ထားတဲ့ သတင်းသုံးသပ်ချက်ပါ အချက်တွေဟာ ရုံးအဖွဲ့ဝင်တွေ ရေးပေးလိုက်တာသာ ဖြစ်တယ်လို့ အဲဒီအရာရှိတွေက ပြောတဲ့အကြောင်း တွေ့ဆုံမှုမှာ ပါခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က RFA ကိုပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်၊ ဦးဘရှင်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်တို့နဲ့ သမ္မတရုံးအရာရှိ (၂) ဦးက စကားဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီဆွေးနွေးချက်တွေဟာ လျှို့ဝှက်စရာ မဟုတ်ကြောင်း ဦးဘရှင်က ပြောပါတယ်

သမ္မတရဲ့သဝဏ်လွှာနဲ့အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းထဲမှာ ရခိုင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့အချက် ၉ ချက် ပါတဲ့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်  ၁၄ ဦးက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်က ဒုတိယအကြိမ် အစည်းအဝေးကို ဒီနေ့ကျင်းပခဲ့ပြီး အဲဒီကနေ လုပ်ငန်း ကော်မတီဝင်တွေ အတည်ပြုသလို၊ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးကြတယ်လို့ ကော်မရှင်ပြန်ကြားရေး အဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ဦးကိုကိုကြီးက RFA ကို ပြောပါတယ်။

"သတင်းထုတ်ပြန်ချက် အမှတ် (၁) နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝိုင်းဆွေးနွေးကြတယ်။ ပြီးတော့ ဆပ်ကော်မတီ (၈) ခု ဖွဲ့စည်းထားတဲ့ လူစာရင် ကျွန်တော်တို့ အတည်ြ့ပုတယ်။ ဆပ်ကော်မတီအလိုက် အစည်းအဝေးတွေ လုပ်ရမယ့်နေရာနဲ့ အချိန်တွေ သတ်မှတ်ကြတယ်။"

ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အဓိက ပြောရေးဆိုခွင့်ရှိသူ အဖြစ် ဒေါက်တာကျော်ရင်လှိုင် ကို တာဝန်ပေးလိုက်ပြီး၊ သတင်းပြန်ကြားရေး အဖွဲ့ဝင်တွေအဖြစ် မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီး၊ လူရွှင်တော ်ဇာဂနာနဲ့ သတင်းစာဆရာ မောင်ဝံသတို့က တာဝန်ယူမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org