ရခိုင်ပြည်နယ်အခြေအနေ ဆိုးရွားနေကြောင်း ကုလပြော
မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ငါးသိန်းခုနစ်သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ UNOCHA က ဖော်ပြပါတယ်။
-
RFA Burmese
2024-12-23 -
-
-
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ပြည်နယ်တွင်း လုံခြုံရေးအခြေအနေ ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။
မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၆ မြို့နယ်အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိတ်ဖက်အဖွဲ့အစည်းတွေစာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ငါးသိန်းခုနစ်သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ UNOCHA က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်တင်မကဘဲ မြန်မာနိုင်ငံတစ်ဝန်း ကျယ်ပြန့်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် စစ်ဘေးဒုက္ခသည်း တစ်သန်းခွဲကျော်တိုးလာတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်ဘေးတိမ်းရှောင်နေရသူ သုံးသန်းခွဲကျော်နေပြီဖြစ်ပါတယ်။
မြန်မာပြည် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အရပ်သားတွေ၊ အကူအညီပေးရေးလုပ်သားတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အပြည့်အဝ အကာအကွယ်ပေးဖို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ရောက်ရှိဖို့အတွက် အာမခံချက်ပေးဖို့တို့ကို ကုလသမဂ္ဂက ထပ်မံတိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ရဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း မြို့ပေါင်း ၈၆ မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး အဲဒီထဲမှာ အာရက္ခတပ်တော်(AA) က ၁၉ မြို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။
BNI စာရင်းတွေအရ အာရက္ခတပ်တော် (AA) က ၁၉ မြို့နဲ့ အများဆုံးသိမ်းယူထားတာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၁၅ မြို့၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကတော့ ၁၂ မြို့ သိမ်းပိုက်ထားပါတယ်။
ဒီဇင်ဘာလအတွင်းမှာပဲ AA က တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့တွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၇ မြို့နယ်ရှိပြီး AA က စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့ကိုသာ သိမ်းယူဖို့ ကျန်တော့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။