ရခိုင်ကော်မရှင် နှစ်ခုရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့စည်း
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို မနေ့က ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ပါတယ်။
-
2017-09-13 -
-
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို မနေ့က ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ပါတယ်။
ပထမဆုံးမြေပြင်အခြေအနေကို သုံးသပ်ပြီး ပြည်သူဆန္ဒနဲ့လိုအပ်ချက်အတိုင်း အကျိုးရှိမယ့် လုပ်ငန်းတွေကို ကော်မတီက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။
"ပထမဦးဆုံးကြီးကတော့ မြေပြင်အခြေအနေကို သုံးသပ်မယ်။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ လိုအပ်ချက်ပေါ့ အဓိက အကျိုးရှိမယ့်လုပ်ငန်းပေါ့။ အဲ့ဒါတွေအတွက်ကို ကျနော်တို့ ဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့် အကောင် အထည်ဖော်တဲ့နေရာမှာ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးလည်း ထည့်သွင်းဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်ကြောင့် အားလုံးနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်မှာပဲလေ။"
လက်ရှိဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး စစ်ဆေးခဲ့တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာတွေမှာပါတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အချက်တွေထဲမှာ တိုင်းရင်းသားကျေးရွာတွေ ရေရှည် ရပ်တည်နိုင်ဖို့၊ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ဖို့၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ အလျင်အမြန်တိုးတက်လာဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ကော်မတီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တိုးတက်မှုအခြေအနေတွေကို လေးလတစ်ကြိမ် အများပြည်သူ ကို ထုတ်ပြန်ရမှာဖြစ်ပြီး ကော်မတီရဲ့ သက်တမ်းကာလကို သတ်မှတ်ထားတာ မရှိသေးဘူးလို့ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီရုံးကို သီးခြား ဖွင့်လှစ်ဖို့ သမ္မတက ညွှန်ကြားထားပြီး ရုံးခန်းနေရာရွေးချယ်ရေးအတွက် အဖွဲ့ဝင်တွေကို အစည်းဝေးခေါ်ယူထား တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို လိုအပ်တဲ့ အကြံဉာဏ်တွေပေးနိုင်ဖို့အတွက်လည်း ပြည်တွင်းပြည်ပပညာရှင်တွေ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေ၊ အတွေကြုံရှိသူတွေနဲ့ အကြံပေးအဖွဲ့ကို ထပ်မံဖွဲ့စည်းသွားဖို့ရှိတယ်လို့လည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားပါတယ်။