ရခိုင်ပဋိပက္ခ ၃ လပြည့် အထိမ်းမှတ်ပြုလုပ်
ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စတင်ခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ စက်တင်ဘာ ၈ ရက် မနေ့က ၃ လ ပြည့်မြောက်ခဲ့တဲ့အတွက် စစ်တွေမြို့ ဂြစ်ဖဘုန်းတော်ကြီးကျောင်းမှာ မနေ့က နေ့လည် ၁ နာရီမှာ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်)က ဦးဆောင်ပြီး ပဋိပက္ခတွေအတွင်း သေဆုံးသွားခဲ့ကြတဲ့ ရခိုင်လူမျိုး ၃၄ ဦးကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။
-
2012-09-09 -
-
-
အဲဒီ ပဋိပက္ခ သုံးလပြည့် အထိမ်းအမှတ်ပွဲကို မြို့ခံလူထု ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး သေဆုံးသူ ၃၄ ဦးအတွက် ဆီမီးထွန်းညှိတာတွေ၊ တစ်မိနစ် ငြိမ်သက်တာတွေ၊ ကဗျာရွတ်ဖတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်း ပြည်ပက အလှူရှင်တွေ စုပေါင်းပြီး သေဆုံးသွားတဲ့ မိသားစုတစ်စုစီအတွက် ငွေကျပ် ၅ သိန်းခန့်စီ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
အဲဒီ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က မမီးမီးနဲ့ မနီလာသိန်းတို့ကလည်း တက်ရောက်ခဲ့ကြပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကိုယ်စား မိသားစုတွေအတွက် ငွေကျပ် တစ်သိန်းပေးအပ် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။