စစ်ကောင်စီကြောင့် နှစ်လကျော်အတွင်း ရခိုင်ဒေသခံ ၄၅ ဦး သေဆုံးကြောင်း AAPP ထုတ်ပြန်

စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇတ်ဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ AAPP တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ ကိုအောင်မျိုးကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဦးဂင်းရွာ မီးလောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဥ်။ Arakan Princess Media

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် နှစ်လကျော်အတွင်း ရခိုင်ပြည်နယ်က အရပ်သားပြည်သူ ၄၅ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်က သေဆုံးရတဲ့ အရပ်သားစာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်က သေဆုံးရသူအများဆုံးဖြစ်ပြီး စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇတ်ဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ ကိုအောင်မျိုးကျော်က ပြောပါတယ်။

"စစ်အုပ်စုအားထားစရာက လေကြောင်းကနေတိုက်ခိုက်နေတာဘဲကျန်တော့တယ်။ လေကြောင်းကနေ ရှုံးမဲမဲပြီး ရမ်းသမ်းတိုက်ခိုက်နေတဲ့အတွက် စစ်ပွဲမှာမပါတဲ့အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးရတယ်၊ အိုးအိမ်တွေပျက်စီးကြရတယ်။ ဒီလုပ်ရပ်တွေဟာ ဘာကိုပြောနေလဲဆိုတော့ စစ်အုပ်စုက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကို အတိအလင်းကျူးလွန်နေတာ ဖြစ်ပါတယ်"

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် အမျိုးသမီး ၂၄ ဦးနဲ့ အမျိုးသား ၂၁ ဦး စုစုပေါင်း ၄၅ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။ သေဆုံးသူတွေထဲမှာ နှစ်နှစ်အရွယ်ယောကျာ်းလေးတစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ၁၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးရသူထဲက ၄၀ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

AAPP ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ် ၁၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ခြောက်ထောင်ကျော် (၆၃၉၉ ဦး) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org