ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရ မရ ကုလ မေးခွန်းထုတ်
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည် ၈ သိန်း ဝန်းကျင် အနေနဲ့ မူလနေထိုင်ရာအရပ်ကို ပြန်သွားခွင့်ရ မရ ဆိုတာ အရေးကြီးတဲ့မေးခွန်းကြီး ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ က ပြောလိုက်ပါတယ်။
-
2017-09-27 -
-
-
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည် ၈ သိန်း ဝန်းကျင်အနေနဲ့ မူလနေ ထိုင်ရာအရပ်ကို ပြန်သွားခွင့်ရ မရ ဆိုတာ အရေးကြီးတဲ့မေးခွန်းကြီး ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက အပြန်မှာ ပြောဆိုလိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ် ဂျီနှီဗာမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့တဲ့အခါ ဆွေးနွေးဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
လက်ရှိပြဿနာဟာ မြန်မာနိုင်ငံတွင်းမှာ ဖြေရှင်းရမှာဖြစ်ပြီး အထူးသဖြင့် ဒေသတွင်းမှာ အကြမ်းဖက်မှု ကျယ်ပြန့် လာမယ့် အန္တရာယ်ကလည်း အလွန့်အလွန် ကြီးမားလာနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။
ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၈ သိန်းနီးပါး အတွက် ရိက္ခာအကူအညီတွေ အလုံအလောက်ရရှိနိုင်ဖို့ ကုလ သမဂ္ဂက စီစဉ်ကြိုးပမ်းနေကြောင်းလည်း ပြောပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ လောက် လိုအပ် တယ်လို့ သိရပါတယ်။
တဖက်မှာလည်း ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘယ်တော့ပြန်နိုင်မလဲဆိုတာ မသိရသေးတာကြောင့် ရေရှည် အစီအစဉ်တွေ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်လာခဲ့တဲ့ ငါးဖမ်းလှေတစ်စီးပေါ်က ယာဘ မူးယစ်ဆေးပြား ၈ သိန်းကို မှောင်ခိုသွင်းလာတာတွေ့ရှိရလို့ ရိုဟင်ဂျာ ၃ ဦး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။