ပလက်ဝက ဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ အနွေးထည်လိုအပ်နေ
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ AA နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဂုံပြင်ကျေးရွာသားတွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ကနေ သိရပါတယ်။
-
2017-11-23 -
-
-
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ AA နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဂုံပြင်ကျေးရွာသားတွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ကနေ သိရပါတယ်။
စားသောက်ဖို့အတွက် ဆန်၊ ဆီ ၊ ငါးပိတွေအပြင် ရာသီဥတုအေးလာတာ၊ တဲတွေမလုံတာကြောင့် စောင်တွေ၊ အနွေးထည်တွေ လိုအပ်နေတာဖြစ်တယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
"စားဝတ်နေရေးအတွက်ဆိုရင်တော့ အဓိက ဆန်ရယ်၊ ဆီ၊ ဆား၊ ငါးပိပေါ့ လိုအပ်မယ်။ ပြီးတော့ အနွေးထည် အင်္ကျ ီတွေ၊ ကလေးဝတ် အဓိကအဲဒါတွေ လောလောဆယ်လိုအပ်တာ။ ပါမလာတာလည်းတပိုင်း၊ ပြီးတော့ ရွာမှာလည်း ပစ္စည်းတွေကျန်ခဲ့တယ်။ သူတို့မပါနိုင်ဘူးပေ့ါ။ အခု သူတို့ရွာလည်း ပြန်မသွားရဲဘူးဆိုတော့ လိုအပ်တယ်။ ပြီးတော့ ဒီဘက်မှာ နိုဝင်ဘာဆိုတော့ အေးလာပြီ။ သူတို့ရဲ့ တဲတွေကလည်း သိပ်မလုံခြုံဘူး။ အခုလောလောဆယ်က သောင်ပြန်မှာပဲ ကမ်းနားမှာပဲဆိုတော့ ပိုပြီးလေတိုက်တယ်။ ပိုပြီးအေးတယ်ပေါ့"
ဂုံပြင်ကျေးရွာက အိမ်ထောင်စု ၆၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ရှင်းလက်ဝကျေးရွာကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
ရေလမ်းကြောင်းနဲ့ ထွက်ပြေးရတာကြောင့် လိုအပ်သမျှပစ္စည်းတွေ၊ စောင်တွေ မသယ်နိုင်ခဲ့ကြတာဖြစ်ပြီး လက်ရှိ အချိန်အထိ နယ်မြေမလုံခြုံသေးတဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်မယူနိုင်ကြသေးတာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေကို ပလက်ဝမြို့ခံတွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေကနေ ကူညီပေးနေတာတွေရှိပေမယ့် စားနပ်ရိက္ခာနဲ့ အဝတ်အစားလိုအပ်ချက်တွေ ရှိနေသေးတာဖြစ်ပါတယ်။
အဲဒီလို လိုအပ်ချက်တွေကိုတော့ ချင်းပြည်နယ် အစိုးရဆီကို တင်ပြသွားမယ်လို့လည်း ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေပြင်း ထန်နေတာဖြစ်ပြီး မနေ့ကအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ AA ဘက်က ပြောပါတယ်။