ရခိုင်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်ရှိလာကြောင်း UNOCHA ပြော

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာပါတယ်။

ရသေ့တောင်မြို့၊ ပြည်တော်သာကန်နှင့် မိုးရေဝင်ထားသည့်ကန်အချို့တွင် ညနေပိုင်း ရေခပ်ဆင်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ်။ Citizen Journalist

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်း ခုနစ်ထောင်ခန့် ရှိရာကနေ တစ်လခန့်အတွင်း နောက်ထပ်ဒုက္ခသည် တစ်သောင်းနီးပါး တိုးလာတာပါ။

ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ ရခိုင်ပြည်နယ်ထဲမှာ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ပူပြင်းတဲ့ရာသီမှာ နေစရာနေရာ အခက်အခဲရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“တချို့ရွာတွေမှာ နေစရာနေရာမရှိလို့ ကားလမ်းဘေးတွေ၊ ရထားလမ်းဘေးတွေ၊ တောင်ကြားတွေမှာ တဲထိုးပြီးနေရတယ်။ တော်တော်လေး စိတ်ဆင်းရဲဖို့ ကောင်းပါတယ်”

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဧပြီလအတွင်း အသိပေးထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုနဲ့ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ခံနေရတယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org