ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာကူညီခွင့် ဒီဇင်ဘာတစ်လတည်းသာ ရရှိခဲ့
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီခွင့်ကို စစ်ကောင်စီက ဒီဇင်ဘာတစ်လတည်းသာ ခွင့်ပြုခဲ့တာကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေပါတယ်။
-
RFA Burmese
2023-01-30 -
-
-
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီခွင့်ကို စစ်ကောင်စီက ဒီဇင်ဘာတစ်လတည်းသာ ခွင့်ပြုခဲ့တာကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေပါတယ်။
စစ်ကောင်စီဟာ စစ်ဘေးဒုက္ခသည်တွေ အဓိက ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်ရှစ်မြို့နယ်အတွက် ကုလသမဂ္ဂ အပါအဝင် NGO၊ INGO အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာရေး ထောက်ပံ့မှုကို စက်တင်ဘာလကစ ပိတ်ပင်ထားခဲ့ပြီး ဒီဇင်ဘာလတစ်လပဲ ပြန်လည်ခွင့်ပြုခဲ့တာပါ။
အခု ဇန်နဝါရီလအတွက် ခွင့်ပြုချက်မရသေးဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“မြောက်ဦးမြို့နယ် မြောက်ပိုင်းနဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောအဓိက အဲဒီမြို့နယ်တွေပေါ့။ စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့တွေ ကန့်သတ်ခံထားရတယ်။ ကျနော်တို့က ပြည်နယ်အဆင့်ကို ကြိုပြီးစာတင်ရတယ်။ TA ကြိုလျှောက်ရတယ်ပေါ့။ ဒီလအတွက်တော့ ခွင့်ပြုချက်မရသေးဘူးပေါ့။ သူတို့ဆီက ခွင့်ပြုချက်ရမှပဲ ကျနော်တို့လည်း ကူညီလို့ရမှာပေါ့”
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရတဲ့ ဒုက္ခသည်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုပဲ အဓိကမှီခိုနေရတာလို့ ဆိုပါတယ်။
ဒီလိုအကူအညီတွေ မရတော့ရင် ဒုက္ခသည်တွေ ဘဝရပ်တည်ရေး ပိုပြီးခက်ခဲရနိုင်တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးစိုးနိုင်က RFA ကို ပြောပါတယ်။
“ဒုက္ခသည်တွေမှာက အလုပ်အကိုင်တွေလည်းမရှိတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်တာပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့တာကိုပဲ အဓိကမှီခိုနေရတာ။ ပြီးခဲ့တဲ့လကတော့ အထောက်အပံ့ရခဲ့တယ်။ အခု ဒါတွေကုန်ပြီလေ။ အခု ဒီလအတွက် မရောက်သေးဘူး။ ဒီလိုသာ ပိတ်ထားမယ်ဆိုလို့ရှိရင် စားဝတ်ရေးမက ဘဝရပ်တည်ဖို့ပါ ထိခိုက်လာမယ့်သဘောရှိတယ်”
လက်ရှိနှစ်ဖက်တိုက်ပွဲ ရပ်နေပေမယ့် ရွာတွေအနားမှာ တပ်စခန်းချထားတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ဒေသခံတွေ နေရပ်ကိုမပြန်နိုင်ကြဘဲ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေကြရတာလို့ ဆိုပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ကိုးသောင်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာ တစ်ကျော့ပြန်တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၁၆၀၀၀ ကျော်ပါဝင်တယ်လို့ ဆိုပါတယ်။