ကျောက်ဖြူမြို့ဒေသခံ ၄၀၀ ကျော် ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဆန္ဒပြကန့်ကွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation (CNPC)က အကောင်အထည်ဖော်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ ဒေသအကျိုးစီးပွားကို ကောင်းကျိုးမပြုဘူး ဆိုပြီး ဒေသခံ ၄၀၀ ကျော်ဟာ အဲဒီစီမံကိန်းကုမ္မဏီရုံးရှေ့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

China National Petroleum Cooperation(CNPC)က ရခိုင်ပြည်နယ်အတွင်းမှာ အကောင်အထည်ဖော်နေတဲ့ ရေနံ ပိုက်လိုင်းစီမံကိန်းကို တွေ့ရစဉ်။ Photo:CNPC official website

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation(CNPC)က အကောင်အထည်ဖေါ်နေ တဲ့ ရေနံပိုက်လိုင်းစီမံကိန်းဟာ ဒေသအကျိုးစီးပွား ကို ကောင်းကျိုးမပြုဘူးဆိုပြီး ဒေသခံ ၄၀၀ ကျော်ဟာ အဲဒီစီမံကိန်းကုမ္ပဏီရုံးရှေ့မှာ ဒီကနေ့နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီစီမံကိန်းဟာ လာမယ့်မေလအတွင်းမှာ အပြီးသတ်တော့မှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ဒေသအကျိုးအတွက် ဘာတစ်ခုမှဆောင်ရွက်မပေးလို့ အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း လျော်ပေးဖို့၊ မဒေးကျွန်းဒေသ ဆိပ်ကမ်းကနေ ကျောက်တန်း၊ ရွာမ၊ ပန်းထိမ်ဆည်ရွာစတဲ့ ကျေးရွာတွေရဲ့ ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းကို ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့၊ အလုပ်သမားကဒ် ရရှိထားတဲ့ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့၊ လုပ်အားခတွေကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိဖို့စတဲ့ အချက် ၉ ချက်ကို ဒီဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။

မဒေးကျွန်းဒေသခံတွေဟာ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီတာဝန်ရှိသူတွေကို အခုတောင်းဆိုချက်အတိုင်း အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဘာမှဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး အာဏာပိုင်အဆင့်ဆင့်ကို ဆန္ဒပြခွင့်လျှောက်ထားခဲ့ရာမှာလည်း ခွင့်ပြုချက်မရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီကနေ့ဆန္ဒပြပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က မတားဆီးခဲ့ပေမယ့် စောင့်ကြည့်နေတာမျိုးတော့ တွေ့ရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

အဲဒီစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက ဝယ်ယူတင်သွင်းလာတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဆန္ဒပြပွဲအကြောင်း ဦးထွန်းကြည်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org