လက်ကျန် နိုင်/ကျဉ်းများ လွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြပွဲ ပြီးဆုံး

အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် အမြန်ဆုံး လွတ်မြောက်ရေး အတွက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ ဒီကနေ့ ကျောက်တော် မြို့နယ် မဟာမြတ်မုနိဘုရားကြီးမှာ လမ်းလျှောက် ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က တကိုယ်တော် ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသကို တွေ့ရစဉ် photo: RFA/ Kyaw Zaw Win

အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အမြန်ဆုံး လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင် ရက္ခဝံသဟာ ဒီကနေ့ ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီးမှာ လမ်းလျှောက်ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။

ကျောက်တော်မြို့နယ်  မဟာမြတ်မုနိဘုရားကြီးမှာ ရခိုင်ဒေသခံ သံဃာတော် ၉ ပါးနဲ့အတူ ဆုတောင်းပွဲတစ်ရပ်ပြုလုပ်ပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင်ရက္ခဝံသက RFA ကို မိန့်ပါတယ်။

“မန္တလေးမဟာမြတ်မုနိကနေ ရခိုင်မဟာမြတ်မုနိ အထိပေါ့ ဒီနေ့ကတော့ ကျောက်တော် မဟာမြတ်မုနိမှာ အဆုံးသတ်တာပေ့ါနော်၊ သံဃာကိုးပါးနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၃ ယောက် အားလုံးလွတ်မြောက်ပါစေ ဆိုပြီးတော့ ဆုတောင်းကြတာပေါ့”

နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရလို့ ပြောဆိုထားပေမယ့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ပြုစုထားတဲ့စာရင်းတွေအရ ဒီကနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကျန်ရှိနေသေးတဲ့အတွက် သူတို့တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆရာတော် အရှင်ရက္ခဝံသက မိန့်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် မကွေးစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မန္တလေး မဟာမြတ်မုနိဘုရားကြီးကနေ စတင်လမ်းလျှောက်လာခဲ့တာဖြစ်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီးကို ရောက်ရှိခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org