တိုင်းမ်မဂ္ဂဇင်း ရေးသားချက် ရခိုင်သံဃာထု ရှုတ်ချ
The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြထားတဲ့ ဇူလိုင်လ (၁) ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်ပြည်နယ်က သံဃာတော်တွေအနေနဲ့ ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2013-07-05 -
-
-
The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြထားတဲ့ ဇူလိုင်လ (၁) ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်ပြည်နယ်က သံဃာတော်တွေအနေနဲ့ ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီကန့်ကွက်တဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး စစ်တွေမြို့နယ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ အရှင်ဉာဏက RFA ကို ပြောပါတယ်။
"ဗုဒ္ဓဘာသာမှာ ဆုံးမထားတဲ့အဆုံးအမ၊ ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဗြဟ္မဆိုတရား ၄ ပါးကို ဦးတည်ပြီးတော့ ကျင့်သုံးနေတဲ့ဘာသာ၊ အကြမ်းဖက်ဝါဒ မဟုတ်ဘူးဆိုတာ ထုတ်ဖော်တာရယ်၊ နောက်တစ်ချက်က တိုင်းမဂ္ဂဇင်းဟာ ဗုဒ္ဓဘာသာကို နှိုက်နှိုက်ချွတ်ချွတ်မလေ့လာဘဲ၊ သာမာန်အပြင်ပစကားတွေနဲ့ အဲလိုမမှန်မကန် ရေးသားမှုသာဖြစ်တယ်လို့ ဦးဇင်းတို့ ရခိုင်ပြည်နယ် သံဃာထုအနေနဲ့ ထုတ်ဖော်ရခြင်းဖြစ်ပါတယ်"
TIME မဂ္ဂဇင်းအနေနဲ့ ဗုဒ္ဓဘာသာရဲ့ သဘောတရားကို သေချာလေ့လာခြင်းမပြုဘဲ ဆရာတော် ဦးဝီရသူကို ခေါင်းစဉ်တပ်ကာ ဗုဒ္ဓဘာသာအပေါ် မမှန်မကန်ရေးသားတဲ့အတွက် ရခိုင်ပြည်နယ် သံဃာတော်တွေအနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း၊ ဒီလုပ်ရပ်ဟာ အစိုးရနဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိမ်းစောင်းသွားစေနိုင်တဲ့အပြင် ဘာသာရေး ပဋိပက္ခအသွင်လည်း ရောက်ရှိသွားနိုင်ကြောင်း၊ ဒါကြောင့် အစိုးရအနေနဲ့ TIME မဂ္ဂဇင်းကို ပိတ်ပင်တားဆီးလိုက်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်း စတာတွေပါဝင်တဲ့ အချက် (၅) ချက်ကို ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်ဖန်တီးသူတွေကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူပေးဖို့ သံတွဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေငြာချက် တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကြေညာချက်ထဲမှာ သံတွဲမြို့ဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြား နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာနေထိုင်လာခဲ့တဲ့ မြို့ဖြစ်ကြောင်း၊ လူမျိုးရေးဘာသာရေး အသွင်ဆောင်တဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို သံတွဲမြို့နယ် ရဟန်းတော်တွေက ရှုတ်ချကြောင်း၊ အချင်းဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုဘက်က နစ်နာမှုမရှိစေဖို့ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းစတဲ့ အချက် ၅ ချက်နဲ့ ဖော်ပြထားပါတယ်။