ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်ပွဲအမှု လိုပြသက်သေတွေကို စစ်ဆေး

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင် တို့ရဲ့ ရွေးကောက်ပွဲအမှုအတွက် တရားလို သက်သေ အားလုံးကို စစ်ဆေးပြီးသွားပြီလို့ ပြောပါတယ်။

NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ ဇန်နဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ စွဲဆိုခံထား ရတဲ့ ရွေးကောက်ပွဲ မဲသမာမှုနဲ့ပတ်သက်လို့ တရားလို သက်သေအားလုံးကို ဒီနေ့မှာ စစ်ဆေး ပြီးစီးသွားပြီလို့ အကျိုးဆောင်ရှေ့နေ ဦးဝင်းအောင်က RFA ကိုပြောပါတယ်။

တရားလိုအပါအဝင် တရားလိုပြသက်သေ သုံးဦးလုံးကို စစ်ဆေးပြီးသွားတာကြောင့် လာမယ့် မတ်လ ၃ ရက်နေ့မှာ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးဖို့ ရုံးချိန်းလိုက်တယ်လို့လည်း ရှေ့နေ ဦးဝင်းအောင် က ပြောပါတယ်။

“ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင် တို့ကို ဒီနေ့ စစ်တွေ အကျဉ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကျန်ရှိနေတဲ့ တရားလိုသက်သေတစ်ဦးကို စစ်ဆေးတယ်။ တရားလိုတွေ အားလုံး စစ်ဆေးပြီးသွားပြီ။ လာမယ့်ရုံးချိန်းမှာ စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးဖို့ ရုံးချိန်းလိုက် ပါတယ်”

အခုလက်ရှိမှာ သူတို့နှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့လည်း ပြောပါတယ်။

ဦးညီပုနဲ့ ဦးမင်းအောင်တို့ဟာ မဲမသာမာမှု ပြုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က) နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ် က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။

ဦးမင်းအောင်ကတော့ ဦးညီပုရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲမသာမှု ကိစ္စရပ်တွေကို အားပေး ကူညီတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၀၉ နဲ့လည်း ထပ်တိုးတရားစွဲ ခံထားရ ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ကိုးနှစ်၊ စုစုပေါင်း ၁၁ နှစ်နဲ့ ဦးမင်းအောင်ကတော့ ပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org