ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး

ရခိုင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရခိုင်အမျိုးသားခေါင်းဆောင်တွေ ၃ ရက်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ရာ ဒီဆွေးနွေးပွဲအပြီးမှာ ၂၀၁၄ ခုနှစ် ဧပြီလနောက်ဆုံး ရက်သတ္တပတ်မှာ ရခိုင်အမျိုးသား ညီလာခံကျင်းပဖို့ သဘောတူဆုံးဖြတ်ခဲ့ ကြပြီး ညီလာခံ ကျင်းပနိုင်ဖို့ ကော်မတီအသီးသီး ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၆ ရက်နေ့ကကျင်းပတဲ့ ရခိုင်အမျိုးသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပွဲ ကို တွေ့ရစဉ် photo: RFA/ Aung Moe Myint

ရခိုင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရခိုင်အမျိုးသားခေါင်းဆောင်တွေ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ဒီဆွေးနွေးပွဲအပြီးမှာ ၂၀၁၄ ခုနှစ် ဧပြီလနောက်ဆုံး ရက်သတ္တပတ်မှာ ရခိုင်အမျိုးသားညီလာခံ ကျင်းပဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ညီလာခံကျင်းပနိုင်ဖို့ ကော်မတီ အသီးသီး ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပမှာရှိတဲ့ ရခိုင်အမျိုးသားခေါင်းဆောင်တွေ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အပိုင်းနှစ်ပိုင်း ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစောက RFA ကို အခုလို ပြောပါတယ်။

“အဓိက ဆွေးနွေးတာက နှစ်ပိုင်းပေါ့လေ၊ တစ်ပိုင်းကတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ALP နဲ့တော့ ကျနော်တို့ လက်မှတ်တွေ ထိုးထားတယ်၊ ဒါပေမယ့် ကျန်တဲ့အဖွဲ့အစည်းတွေကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ မပါဘူးလိုဖြစ်နေတယ်၊ အဲ့တော့ ALP နဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ကျန်တဲ့ AA တို့ DPA တို့ အဲ့ဒီဟာတွေ အကုန်လုံး ပါဝင်လာဖို့အတွက် အဲ့ဒီကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးပါတယ်၊ နောက် တစ်ခုကတော့ ကျနော်တို့ ရခိုင်အမျိုးသား ညီလာခံတစ်ရပ်ကို ၂၀၁၄ မှာ ကျင်းပဖို့အတွက် ကျနော်တို့ အသေးစိတ် ဆွေးနွေးပါတယ်၊ ဆုံးဖြတ်ချက်ကတော့ အဓိကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အကုန်လုံး အတူတကွ ပူးပေါင်းပါဝင်ပြီးတော့ အဲ့ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ကျနော်တို့ ပါဝင်မယ်၊ ရခိုင်အမျိုးသား ညီလာခံကို ရခိုင်ပြည်တွင်းမှာပဲ ကျင်းပမယ်”

ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အကြိုညှိနှိုင်းအစည်းအဝေးကနေ ညီလာခံဖြစ်မြောက်ရေး ပဲ့ကိုင်ကော်မတီကို ၁၅ ယောက်နဲ့အတူ အခြားလုပ်ငန်းကော်မတီတွေလည်း ဖွဲ့စည်းပြီး ဆုံးဖြတ်ချက်တွေ ချခဲ့ကြတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

"အများဆုံး  ဆုံးဖြတ်ချက်ကျတာကတော့ ကျမတို့ရဲ့ ရခိုင်တစ်မျိုးသားလုံးပါဝင်တဲ့  ညီလာခံကို ဧပြီလ နောက်ဆုံးအပတ်မှာ ရခိုင်ပြည်တွင်းမှာ ကျယ်ပြန့်စွာကျင်းပသွားဖို့ နောက်ပြီးတော့ မကြာသေးသောအချိန်မှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လက်နက်ကိုင် အင်အားစုတွေအားလုံး အချင်းချင်းလက်တွဲပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို ပြန်ပြီးတော့  ဆွေးနွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ကျမတို့ရယူပါတယ်၊ ညီလာခံကျင်းပဖို့ရာအတွက် ဆိုလို့ရှိရင် ဦးဆောင်ကော်မတီတွေ ဖွဲ့တယ်၊  လုပ်ငန်းကော်မတီတွေ ဖွဲ့ပါတယ်၊ ပြီးလို့ရှိရင် အစိုးရနဲ့ဆက်ဆံမယ့်  ကော်မတီတွေ ဆက်ဆံရေးကော်မတီစတာတွေ ကျမတို့မနေ့က ဖွဲ့စည်းခဲ့ကြပါတယ်၊  အဲ့ဒီ ကော်မတီဟာ ဆိုလို့ရှိရင် ၂၀၁၃ ခု ဇန်နဝါရီမှာ ဆွေးနွေးခဲ့ကြတဲ့  အမျိုးသားဦးဆောင်ကော်မတီကို အားဖြည့်ပြီးတော့ ဖွဲ့စည်းတဲ့ပုံစံ လည်း  ဖြစ်ပါတယ်"

ပြည်တွင်းပြည်ပမှာရှိတဲ့ ရခိုင်အမျိုးသား ခေါင်းဆောင်တွေ အခုလို တွေ့ဆုံဆွေးနွေးတာအပါအဝင် ရခိုင်အမျိုးသား ညီလာခံတစ်ရပ် ခေါ်ယူကျင်းပနိုင်ဖို့ ကြိုးစားရတာဟာလည်း မြန်မာတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့ ပင်လုံကဲ့သို့ ညီလာခံတစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် အစိတ်အပိုင်းတစ်ရပ်အနေနဲ့ စတင်လှုပ်ရှားဆောင်ရွက်တာဖြစ်တယ်လို့လည်း RNDP ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။

“ကျနော်တို့  ညီလာခံခေါ်ရတဲ့ အကြောင်းအရာကိုယ်တိုင်က ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ပြသနာတွေကို  ရခိုင်တစ်မျိုးသားလုံးရဲ့ အသံတစ်ခုအနေနဲ့ ညီညီညာညာ ဖြစ်စေချင်လို့ပါ၊  ရခိုင်မှာတော့ ပြဿနာတွေတော့ အများကြီးပေါ့လေ၊ တရားမဝင်လာတဲ့ အဲ့ဒီ ဘင်္ဂလီရိုဟင်ဂျာ ပြသနာတွေ၊ ရခိုင်မှာ အထူးစီးပွားရေးဇုန် ကိစ္စတွေရှိတယ်၊ နောက်  လယ်သိမ်းမြေသိမ်း ပြသနာတွေရှိတယ်၊ အဲ့ဒီဟာတွေကို အနာဂတ်မှာ ကျနော်တို့ ဘယ်လိုရင်ဆိုင်မလဲ ဘယ်လို ဖြေရှင်းမလဲ၊ နောက်တစ်ခုက  အရင်တုန်းကဆိုရင်တော့ မြို့ပေါ် ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်နက်ကိုင်ကြားတွေ အဲ့လို တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ဆိုတာ  တော်တော်လေး ခက်ခက်ခဲခဲ အနေအထား တစ်ခုပေါ့လေ၊ ကျနော်တို့ ဒီဖြစ်စဉ်ဟာလည်း  မြန်မာပြည်မှာ အားလုံးအကုန်လုံး မျှော်လင့်တောင့်တနေ တဲ့  ပင်လုံကဲ့သို့သော အမျိုးသား ညီလာခံကြီးတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ ဒါအစိတ်အပိုင်း တစ်ရပ်အနေနဲ့ လှုပ်ရှားတာပါ”

အခု ဆွေးနွေးပွဲကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးတဲ့ နယ်စပ်ဒေသအခြေစိုက် ရက္ခိုင့်တပ်မတော် AA အပါအဝင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ ရခိုင်လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org