ရခိုင်သတင်းသမားတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှု BNI ကန့်ကွက်

DMG သတင်းဌာန သတင်းထောက်နဲ့ ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ BNI က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် သတင်းသွားယူနေချိန် ဖမ်းဆီးခံလိုက်ရသည့် DMG သတင်းထောက် ကိုထက်အောင်ကို တွေ့ရစဉ်။ Facebook/ Htet Aung

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာန သတင်းထောက်နဲ့ ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ နိုင်ငံတကာမြန်မာ့သတင်း (BNI) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးပြီး မတရားတဲ့ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ နိုင်ငံတကာ BNI ရဲ့ မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဇော်က ပြောပါတယ်။

"သတင်းသမားတွေ သတင်းအလုပ်လုပ်တဲ့အပေါ် ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဖမ်းဆီးမှု၊ အသုံးပြုတဲ့ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေဟာ တရားမျှတမှု လုံး၀မရှိဘူး"

DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့နယ် တရားရုံးကနေ ဇွန်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ အမိန့်ချမှတ်ခဲ့တာပါ။

သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၅ နဲ့ အမှုဖွင့်ထားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) နဲ့ ပြောင်းလဲ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် DMG သတင်းဌာနက အယ်ဒီတာတွေနဲ့ သတင်းထောက်တွေ အပါအဝင် ဝန်ထမ်း ၁၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်း၀ရမ်း ထုတ်ထားတာဟာ သတင်းမီဒီယာတွေရဲ့ ရပ်တည်မှု၊ သတင်းရယူပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်တွေကို တားမြစ်ဖို့အတွက် လုပ်ဆောင်ထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်သာမက တစ်နိုင်ငံလုံးမှာ သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှု၊ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ BNI က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံလို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ဖော်ပြထားပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org