စစ်တွေမြို့ နိုင်ငံတကာ NGO ပဋိပက္ခ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိ ရပါတယ်။

မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က ဖျက်ဆီးခံရတဲ့ စစ်တွေမြို့က INGO ရုံးခန်းတွေကို တွေ့ရစဉ် photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ စာရင်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် ကတော့ လောလောဆယ် သူတို့ကို ဖမ်းဆီးထားတာမဟုတ်ဘဲ ခေါ်ယူ စစ်ဆေးနေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဖမ်းဆီးတယ်လို့တော့ မဟုတ်သေးဘူးပေါ့ စစ်ဆေးတုန်းပါပဲရှိပါသေးတယ်၊ဘယ်ရပ်ကွက်တွေ ဘာတွေဆိုတာတော့ အတိအကျမသိသေးဘူး၊ ဒီနေ့ ၁ဝ ယောက်လောက်ခေါ်လိုက်တယ် မဟုတ်ဘူး ဆိုရင် ပြန်လွှတ်လိုက်တယ်၊ နောက်နေ့ ၂ ယောက်လောက်ခေါ်လိုက်တယ် မဟုတ်ဘူးဆိုရင် ပြန်လွှတ်လိုက်တယ်၊ အဲ့လိုလုပ်နေတုန်းပဲရှိသေးတယ်၊ တရားဝင်အတိအကျ မဖမ်းသေးပါဘူး "

မနေ့ညနဲ့ ဒီနေ့မနက်က ဖမ်းဆီးခေါ်ဆောင်ခံရသူ စစ်တွေမြို့ခံ ၁၂ ဦး ရှိတယ်လို့သိရပါတယ်။ စစ်တွေမြို့ ဓညဝတီ(ခ) ရပ်ကွက်မှာ နေထိုင်သူ ကိုနိုင်စိုးက ဖခင်ဖြစ်သူ ဦးမောင်သိန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မနေ့ည ၁၂ နာရီလောက်မှာဗျ ၊ ကျနော်တို့အိမ်မ ရှေ့တံခါးကို ခြေနဲ့ကန်ပြီးတော့ ဝင်လာတဲ့အချိန်မှာ ရဲတပ်သားတွေက ကျနော်ရဲ့အဖေနဲ့အမေကို သေနတ်နဲ့ ချိန်ထားပြီးပြီ၊ အဲ့ဒီအချိန်မှာ ကျနော်က ဘာဖြစ်တာလဲဆိုပြီးတော့ အနောက်ဘက်ကထွက်ပြီးတော့မေးတော့ အနောက်ဘက်ကိုထွက်မလာနဲ့ အရှေ့ဘက်ကိုသွားဆိုပြီးတော့ ကျနော့်ကို သေနတ်နဲ့ချိန်ပြီးတော့ ခေါ်လာတယ်၊ အဲ့အချိန်မှာ ကျနော်လည်း အိမ်ရှေ့ကိုရောက်ရော ကျနော့်အဖေကို လက်ထိပ်ခတ်ပြီးတော့ အပြင်ကိုတန်းပြီးတော့ ခေါ်သွား တာတွေ့လိုက်တာပဲ၊ ကျနော်က ဘာဖြစ်လို့ခေါ်တာလဲဆိုတော့ ခဏမေးစရာရှိလို့ခေါ်တာတဲ့၊ ကျန်တဲ့ရဲတွေက ကျနော်တု့ိကိုကြားမှာ သေနတ်တွေနဲ့ တားပြီးတော့ တားထားတယ်၊ အဖေ့ကိုကျတော့ တစ်ယောက်တည်းခေါ်ပြီးတော့ ချက်ချင်းအပြင်ကို ခေါ်ထုတ်သွားတယ်"

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့ အခြေစိုက် Malteser International အဖွဲ့က ငှားထားတဲ့ အိမ်မှာလွှင့်ထူထားတဲ့ သာသနာ့အလံကို အဖွဲ့တာဝန်ရှိသူတစ်ဦးက ဖြုတ်ချလိုက်ရာကနေ ဒေသခံတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေ ရုံးခန်းဖွင့်ထားတဲ့ အိမ်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး နောက်နေ့ မတ်လ ၂၇ ရက်နေ့အထိ ကူးစက်ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP စတဲ့ အဖွဲ့တွေရဲ့ ဂိုဒေါင်တွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူ ၁၂ ဦးထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးပါဝင်ပြီး သူတို့အားလုံးကို စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ စစ်တွေမြို့ ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မတ်လ ၃ဝ ရက်နေ့ကစပြီး လာမယ့် ဧပြီလ ၃ ရက်နေ့အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ စစ်တွေမြို့ ပဋိပက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဌ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ မွတ်စလင်လူမျိုးတွေအကြား သန်းခေါင်စာရင်း ကောက်ယူမှုတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တဝိုက် မွတ်စလင်ကျေးရွာတွေမှာ သန်းခေါင်စာရင်းကောက်ယူနေမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့ သဲချောင်းကျေးရွာက မွတ်စလင်ခေါင်းဆောင် ဦးအာဘူလုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org