ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေ အကောင်အထည်ဖော်နေပြီဖြစ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ အဆင့်ရောက်နေပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။
-
2019-05-07 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြု ချက်တွေဟာ ရခိုင်ပြည်နယ်မှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး၊ လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်းနဲ့ လက်ရှိမှာ ကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ အဆင့်ရောက်နေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
ဒီအကောင်အထည်ဖော်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကော်မတီနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေ မေလ ၆ ရက် နဲ့ ၇ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ထဲမှာ ကျန်ရှိတဲ့ မွတ်စလင်တွေအရေးကို ထည့်သွင်းစဉ်းစားထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဒေါက်တာဝင်းမြတ်အေးက သူတို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်တာ ၄၆ ကြိမ်ရှိပြီး သက်ဆိုင်ရာအာဏာပိုင်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ဆွေးနွေးတာ ၁၇ ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ရခိုင်အရေးကိုင်တွယ်ဆောင်ရွက်ရာမှာ အစိုးရရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ လုပ်ဆောင်နေတာမဟုတ်ကြောင်း ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။
ဒါ့အပြင် ဒေါက်တာဝင်းမြတ်အေးက နေရပ်ပြန်ဝင်လာမယ့်သူတွေအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဟာ ၄လကနေ ၆လအထိကြာမြင့်မှာဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိပြီးသားသူတွေအတွက် NVC ကဒ်လျောက်ထားဖို့ မလိုအပ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
ဒီနေ့သတင်းစာရှင်လင်းပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက သံအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။