ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးမှု ၂၃၁ နှစ်မြောက် အခမ်းအနားတွေ ကျင်းပ

ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးခဲ့ တဲ့ နှစ်ပေါင်း ၂၃၁ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေ ကို တောင်ကုတ်၊ စစ်တွေ၊ မြောက်ဦးနဲ့ အခြားမြို့နယ်အချို့ မှာ ဒီနေ့ပြုလုပ်ကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၂၃၁ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို တွေ့ရစဉ် Photo:Min Thein Aung/RFA

ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးခဲ့တဲ့ နှစ်ပေါင်း ၂၃၁ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေကို တောင်ကုတ်၊ စစ်တွေ၊ မြောက်ဦးနဲ့ အခြားမြို့နယ်အချို့မှာ ဒီနေ့ပြုလုပ်ကြပါတယ်။

တောင်ကုတ်မြို့မှာ ဒီနေ့မနက်က လူ ၃ဝဝ လောက်မြို့ပေါ်မှာ လမ်းလျှောက်လှည့်လည်ခဲ့ကြပြီး ရခိုင်လူမျိုးတွေရဲ့ အမျိုးသားညီညွတ်ရေးကို တွန်းအားဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ကြတာလို့ တောင်ကုတ်မြို့ခံ ဦးဝေသောင်းက ပြောပါတယ်။

"လူမျိုးတစ်မျိုး၊ ဒေသတစ်ခုမှာ ကိုယ်ပိုင်သမိုင်းကြောင်းဆိုတာရှိခဲ့တယ်၊ အဲ့ဒီသမိုင်းကြောင်းလေးတွေကို သိစေချင်တယ်၊ အဲ့ဒီသမိုင်းကြောင်းမှာ အခြေခံပြီးတော့ အမျိုးသားလုံခြုံရေး ပိုပြီးတော့ ဆိုးဆိုးဝါးဝါး မဖြစ်လာနိုင်တဲ့အရာလေးတွေ ဖြစ်စေချင်တယ်၊ နောက်တစ်ခုက အမျိုးသားနိုင်ငံရေးမှာ လူတိုင်းပါဝင်ဖို့ လိုတယ်၊ ရခိုင်ရဲ့ရာဇဝင် သမိုင်းကြောင်းတွေကို သိခွင့်ရပြီးတော့ အနာဂတ်မှာ တကယ့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအစိုးရ အမှန်တကယ် မရှိမဖြစ် တည်ဆောက်မယ်လို့ လူတိုင်းသဘောပေါက် လက်ခံသွားစေမယ်ဆန္ဒ ကျနော်တို့မှာရှိပါတယ်၊ အဲ့ဒီဆန္ဒအတိုင်း ပြုလုပ်တဲ့သဘောပါ"

လက်ရှိအစိုးရနဲ့ အစိုးရသစ်တို့အနေနဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းအစဉ်အလာကို မျက်ကွယ်မပြုဖို့နဲ့ တိုင်းရင်းသားတွေ ဆန္ဒရှိနေတဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ မိမိတို့ဒေသကထွက်ရှိတဲ့ သယံဇာတတွေကို ပိုင်ဆိုင်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ စာပေ၊ ဂီတ၊ အနုပညာတွေကို ဖော်ထုတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တစ်ခုဆီရောက်အောင် ဖော်ဆောင်ဖို့ မျှော်လင့်ကြောင်းလည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးတဲ့ နှစ်ပေါင်း ၂၃၁ နှစ်မြောက် အခမ်းအနားတွေကို ရခိုင်ပြည်နယ်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကဦးဆောင်ပြီး ဟောပြောပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတာတွေနဲ့ ဆီမီးထွန်းညှိတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်လူမျိုးတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်နေထိုင်လာခဲ့ ကြရာကနေ သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ သိမ်းပိုက်မှုကြောင့် နောက်ဆုံးထီးနန်း ကျဆုံးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org