ရခိုင်ပြည်နယ်အရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးခန်းမမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လွှတ်တော် အမတ်တွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပခဲ့ပါတယ်။
-
2012-09-23 -
-
-
ဒီကနေ့ဆွေးနွေပွဲမှာ ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဘူးသီးတောင်မြို့နယ်အတွင်းက မူဆလင်ဘာသာဝင် အမျိုးသမီးတွေဟာ အိမ်တွင်းမှာပဲ နေထိုင်ကြတာများပြီး ပညာဆည်းပူးတာ နည်းနေတဲ့အတွက် ပညာသင်ကြားခွင့် အခွင့်အရေးတွေ ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
"ကျွန်မတို့ ရခိုင်အမျိုးသမီးတွေဟာလည်း သူတို့ မူဆလင်တွေနဲ့ အတူတူနေမယ်ဆိုလို့ရှိရင် သူတို့ရဲ့အမျိုးသမီးတွေနဲ့ ကျွန်မတို့ ရခိုင်အမျိုးသမီးတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်။ သူတို့ကိုလည်း ကျွန်မတို့က ဒီအမျိုးသမီးတွေနဲ့ တန်းတူ အရည်အချင်းတွေကို ပညာရေး မြှင့်တင်မှု၊ လူမှုရေး မြှင့်တင်မှုတွေကိုလည်း လုပ်ပေးသင့်တယ်လို့ ကျွန်မကမြင်ပါတယ်"
ဘူးသီးတောင်မြို့နယ်က ပညာရေးမှူး အငြိမ်းစားတစ်ဦးဖြစ်သူ ဦးစံသာကျော်ကလည်း နိုင်ငံတကာအကူအညီတွေ ပေးနေကြရာမှာ မညီမျှမှုတွေ ရှိနေတယ်လို့ ဝေဖန်ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသိန်းရွှေက ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ပြဿနာ ဖြစ်ပွားမှုဟာ ၄ လလောက် ကြာလာတဲ့အချိန်မှာ အလုပ်လက်မဲ့တွေ များလာကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံတော်အစိုးရ၊ အီးယူနဲ့ ကုလသမဂ္ဂအေဂျင်စီတွေ အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးကြဖို့ကို တိုက်တွန်းတင်ပြခဲ့ပါတယ်။