ရထားလမ်းကြောင့် ရခိုင် အမွေအနှစ်တွေ ဆုံးရှုံး
ရခိုင်ပြည်နယ် စစ်တွေ-အမ်း -မင်းဘူး ရထားလမ်းကို (၁၀) နှစ် စီမံကိန်းနဲ့ ဖေါက်လုပ်လျှက် ရှိရာမှာ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမြို့မှာ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေ ဆုံးရှုံး ပျက်စီးနေတာနဲ့ ပတ်သက်လို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ရခိုင် အဖွဲ့အစည်း တွေက ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တွေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
-
2010-11-22 -
-
-
ရခိုင်ပြည်နယ် မြေပုံ
RFA
ရှေးဟောင်း အမွေအနှစ် ပျက်စီး ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ရခိုင်သံဃာ့သမဂ္ဂ ဥက္ကဌဆရာတော် အရှင်သီဟ က အခုလို မိန့်ပါတယ်။
"အခု ကျောက်တော်နဲ့ မြောက်ဦးထွက်တဲ့ လမ်းပိုင်း၊ နောက်ပြီး မြောက်ဦးနဲ့ မြင်းပြားကို ဆက်တဲ့ လမ်းပိုင်း၊ အဲဒီမှာလဲ ရှေးဟောင်း ဝေသာလီတွေ၊ မြို့ခံတဲ့ တံတားတွေ၊ မြို့ခံတပ်တွေဘာတွေ ပါသေးတယ်။
အဲဒီလမ်းက မြို့အလယ်ခေါင်မှာ
ဘူတာရုံ ချမဲ့နေရာမှာလည်း စောမင်းကုန်း စေတီတို့ တခြားစေတီ အများအပြားရှိသလို မင်းဒရားတံတိုင်းလည်း ပါတယ်။ ဦးဇင်းတို့ကလည်း UNESCO ကို စာတင်ဖို့ လုပ်ထားတယ်။"
ရခိုင်ပြည်နယ်တွင်း (၁၅၇) မိုင် ရှည်လျားမယ့် ရထားလမ်း ဖေါက်လုပ်နေတဲ့ကိစ္စဟာ ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာဖို့ ဆိုတာထက်၊ ရခိုင် အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေတယ်လို့ ANC ရခိုင်ပြည် အမျိုးသား ကောင်စီကလဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ANC
အထွေထွေ အတွင်းရေးမှူး ကိုထွန်းဇော်က အခုလို ပြောပါတယ်။
"ရထားလမ်း ဖောက်လုပ်မှုအပေါ်မှာ ကျနော်တို့ရဲ့ သမိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်မဲ့အပေါ်မှာ လုံးဝဆန့်ကျင်တယ်။ ရထားလမ်း ဖေါက်လုပ်နေတဲ့ကိစ္စဟာ ဒေသခံ လူထုတွေအတွက် လမ်းပန်းဆက်သွယ်ရေး အပေါ်မှာ တစုံတရာ အထောက်အပန့် ပြုတယ်လို့ ပြောပေမဲ့လို့ သမိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်ပျက်ဆီးပြီး ဖောက်လုပ်မှုကိုတော့ ကျနော်တို့ လုံး၀ လက်မခံပါဘူး။"
စစ်အစိုးရရဲ့ ရထားလမ်း စီမံကိန်းကြောင့် ရှေးဟောင်း အမွေအနှစ် ပျက်ဆီးနေတာနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်သွားဖို့ ရခိုင်တိုင်းရင်းသားတွေ အားလုံးမှာ တာဝန်ရှိကြောင်း ကြေညာချက်တွေက ဆိုပါတယ်။