NUG ရဲ့ ရေဒီယိုအစီအစဉ်ကို ထောက်ပံ့ရင် အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စတင်ထုတ်လွှင့်နေတဲ့ Radio NUG အစီအစဉ်နဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီတာတွေလုပ်ရင် အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းမှာ ၂၀၁၈၊ မေ ၁၁ ရက်နေ့က ရေဒီယိုနားထောင်နေကြစဉ် Photo: Ye Aung Thu / AFP

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စတင်ထုတ်လွှင့်နေတဲ့ Radio NUG အစီအစဉ်နဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီတာတွေလုပ်ရင် အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

Radio NUG ရေဒီယိုလိုင်းဟာ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်လွှင့်ခွင့် ပြုထားတဲ့ ရေဒီယိုလိုင်း မဟုတ်ကြောင်းနဲ့၊ ခွင့်ပြုချက်မရဘဲ လုပ်တာ၊ ထောက်ပံ့ကူညီတာတွေ လုပ်မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြဝတီနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီရေဒီယိုလိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့မှာ မနက် ၈ နာရီနဲ့ ည ၈ နာရီတို့မှာ စတင် စမ်းသပ်ထုတ်လွှင့်ခဲ့တာပါ။

ဘယ်လိုအခြေအနေမျိုးမှာမဆို ပြည်သူနဲ့ အဆက်အသွယ်မပြတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီး သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်ဖို့ Radio NUG အစီအစဉ်ကို ထုတ်လွှင့်တာဖြစ်တယ် လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

အခုလိုထုတ်လွှင့်ခဲ့တာကို ခေတ္တရပ်နားထားပြီး မကြာမီ ရက်အနည်းငယ်မှာလည်း စမ်းသပ်ထုတ်လွှင့်မှုတွေ ဆက်လုပ်သွားမယ်လို့ NUG က အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG အစီအစဉ် ထုတ်လွှင့်မယ်လို့ ကြေညာခဲ့တဲ့နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ရေဒီယိုတွေ အရောင်းသွက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org