ဒုချီးရားတန်း စုံစမ်းမှု ကင်တားနားစိုးရိမ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေအပေါ် အစိုးရစုံစမ်းရေးကော်မရှင်ရဲ့ သမာသမတ်ကျမှု အတိုင်းအတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မကင်းဖြစ် မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က ပြောပါတယ်။
-
2014-02-19 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေအပေါ် အစိုးရစုံစမ်းရေးကော်မရှင်ရဲ့ သမာသမတ်ကျမှု အတိုင်းအတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရ စုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းမှုတွေဟာ လူသေဆုံး ခဲ့တာတွေ၊ လုယက်မီးရှို့ခံရတာတွေ၊ အဓမ္မကျင့်ကြံ ခံရတာတွေအပေါ် အခုထိတော့ ကျေနပ် စရာကောင်းအောင် မရှင်းလင်းနိုင်သေးဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ကျေးရွာမှာနေထိုင်သူ အနည်းဆုံး ၄၈ ယောက် သေဆုံးဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒီအချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။ မိမိတို့အနေနဲ့ စုံစမ်းမှုအပေါ် လေးစားသမှုရှိကြရမှာပါ၊ တချိန်တည်းမှာလည်း စုံစမ်းမှုတွေဟာ လွတ်လပ်ပြီး၊ သမာသမတ်ကျပါ့မလားဆိုတာ အလေးအနက် စိုးရိမ်မှုရှိပါတယ်၊ အရင်စစ်အစိုးရလက်ထက်အတွင်း ပြစ်မှုတွေ ကျူးလွန်ခဲ့ပါလျက်နဲ့ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေတာတွေရှိနေတဲ့ သမိုင်းကြောင်းက မြန်မာနိုင်ငံမှာ ဘယ်ဖြစ်ရပ်မှာမဆို လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းတာတွေ မရှိခဲ့ဘူးဆိုတာ ပြသနေပါတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် တကယ်လို့ အစိုးရ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာအဆင့် မမီဘူးဆိုရင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာအစိုးရတို့ပူးပေါင်းပြီး ယုံကြည်နိုင်လောက်တဲ့ နောက်ထပ်စုံစမ်းမှုတစ်ရပ် ထပ်မံပြုလုပ်ဖို့ မိမိအနေနဲ့ ကုလသမဂ္ဂကို တိုက်တွန်းမှာဖြစ်ကြောင်း၊ အဲဒီစုံစမ်းမှုကို နိုင်ငံတကာက နည်းပညာ အကူအညီတွေနဲ့ ဆောင်ရွက်ဖို့ဖြစ်ကြောင်းလည်း ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားဟာ သူ့ရဲ့တွေ့ရှိချက်တွေကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ကုလသမဂ္ဂကို တင်ပြအစီရင်ခံမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။