ကုလ လူ့ခွင့်ရေး ကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် သီတင်းပတ် အတွင်း တွေ့ဆုံဖို့ ရှိကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
-
2011-08-19 -
-
-
စစ်အစိုးရက ၎င်းအား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးသည့်အတွက် ‘လွန်စွာ စိတ်မကောင်းကြောင်း’ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် ကင်တားနား (အလယ်) က ရန်ကုန် လေဆိပ်တွင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
“မစ္စတာ ကင်တားနာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါမယ်။ စီအီးစီ အဖွဲ့နဲ့လည်း တွေ့ပါမယ်။ တွေ့ဖို့ ရက်ရပြီပြောပါတယ်။ အချိန်နဲ့ နေ့ရက်ကိုတော့ မသိရသေးပါဘူး”
မစ္စတာ ကင်တားနာဟာ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် လူ့အခွင့်အရေး အခြေအနေတွေ စုံစမ်းလေ့လာဖို့ အခုလ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ သူ့အတွက် အထူး အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း မစ္စတာ ကင်တားနားက အခုလ ၁၅ ရက်နေ့က RFA ကို ပြောဆိုခဲ့ပါတယ်။
မစ္စတာ ကင်တားနားဟာ ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၂၅ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ရှိပြီး၊ ဒီခရီးစဉ်က တွေ့ရှိချက် တွေကို အခုနှစ် နှောင်းပိုင်း ဂျီနီဗာမြို့မှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။