ပျဉ်းမနားမြို့ဦးကျေးရွာနေအိမ်များ ဖျက်သိမ်းခံရ

နေပြည်တော်၊ ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်း ၁၀၀ နီးပါးလောက်ကို မြို့နယ် မြေစာရင်း ဦးစီးဌာနက လယ်ယာမြေပေါ် ကျူးကျော်ဆောက်ထားတဲ့ အိမ်တွေဆိုပြီး ပုဒ်မ ၄၈(က)နဲ့ တရားစွဲ၊ ဖိအားပေး ဖျက်ခိုင်းနေတဲ့ အတွက် အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ဆိုသလို နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီကနေ့အထိ တရားစွဲဆိုခံထားရသူ (၂၃) ဦးခန့်ရှိပြီး အဓမ္မဖိအားပေး အဖျက်ခံထားရတဲ့ နေအိမ် (၁၇) လုံးလောက် ရှိသွားပြီလို့ သိရပါတယ်။

ဒီကနေ့မှာလည်း နောက်ထပ်နေအိမ် (၃) လုံး ထပ်ဖျက်ခံရပြီး မဖျက်ရင် ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင်နေတယ်လို့ မနေ့က နေအိမ်ဖျက်ပေးလိုက်ရတဲ့ ကာယကံရှင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီမှာ ဆောက်ထားတဲ့ နေအိမ်အများစုဟာ သွပ်မိုးနဲ့ သစ်သားကာ အိမ်တွေဖြစ်ပြီး နေထိုင်သူ အများစုဟာ သက်တမ်းအားဖြင့် နှစ် (၃၀) ဝန်းကျင်လောက် ရှိပြီလို့သိရပါတယ်။ ဖျက်သိမ်းရမယ့် အိမ်တွေဟာ ပုံစံ (၁၆) သန်းခေါင်စာရင်း ပေါက်ပြီးသား ဖြစ်တဲ့အပြင် မြို့နယ် စည်ပင်သာယာဌာနက ကောက်ခံတဲ့ မြေခွန်တွေကိုလည်း နှစ်စဉ် ပေးဆောင်နေတဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားရုံးရဲ့ အကြောင်းပြန်စာမှာတော့ အဲဒီအိမ်တွေကို ကာယကံရှင်တွေက ကိုယ့်သဘောနဲ့ကိုယ် ဖျက်သိမ်းတာဖြစ်ကြောင်း ရေးသားထားပြီး အဲဒီစာပေါ်မှာ လက်မှတ်ထိုး မှတ်တမ်း ရေးထိုးခဲ့ရတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မျောက်လွတ်ကုန်း၊ ကံဦး၊ သပြေလတ်စတဲ့ ပျဉ်းမနားမြို့တောင်ဖက်နဲ့ ကင်ပွန်းတန်း၊ သဲကျွန်း၊ အိုးဖို စတဲ့ ပျဉ်းမနား အရှေ့ဖက် ကျေးရွာတွေက နေအိမ်တွေကိုလည်း လယ်ယာမြေပေါ် ကျူးကျော် နေထိုင်တဲ့အိမ်တွေဆိုပြီး အာဏာပိုင်တွေက တရားစွဲဆိုထားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org