ခန္တီးနဲ့ဟုမ္မလင်းကို နာဂဒေသထဲထည့်ရေး ရှမ်းနီတိုင်းရင်းသားတွေ လက်မခံ

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန်ကန့်ကွက်နေကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀၊ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန်ကန့်ကွက်နေကြပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမပါလို့ ပြန်ထည့်ပေးဖို့တောင်းဆိုတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေဟာ ရှေးယခင်ထဲက ရှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ မြို့နယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော် နယ်နမိတ်ပြင်ဆင်သတ်မှတ်မယ်ဆိုရင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၁ (က) နဲ့ (ခ)အရ သမ္မတက ပြည်ထောင်စုလွှတ်တော်ဆီ အကြောင်းကြား ဆောင်ရွက်ရ မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၂ (က) အရဆိုရင် သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးဆီကို အကြောင်းကြားရမယ်။ အကြောင်းကြားပြီးမှ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့သာ ဆောင်ရွက်ဖို့လိုတယ်။ ဒီအတိုင်းကတော့ ဆောင်ရွက်လို့မရဘူး။”

အလားတူ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ SSPP၊ ရှမ်းတိုင်းရင်းသားများ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ၊ ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်တို့ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ဒီမြို့နယ် နှစ်ခုကို ထည့်သွင်းပေးဖို့ တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကြေညာချက်တွေကို ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ကြပါတယ်။

လီဆူစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ရာမှာတော့ သူတို့တစ်ဦးထဲသဘောအရ သဘောမတူသော်လည်း အများသဘောတူဆောင်ရွက်မယ်ဆိုရင် သဘောတူမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးတောင်းဆိုတာကြောင့် နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြုံလာရနိုင်တယ်လို့ ရှမ်းအဖွဲ့တွေက ဆိုပါတယ်။

လက်ရှိမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ နန်းယွန်း၊ လေရှီးနဲ့ လဟယ်မြို့နယ်တွေ ရှိနေတာပါ။

ဒီကိစ္စဟာ ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်ပြီး ပဋိပက္ခတွေဖြစ်နိုင်လို့ ဆောင်ရွက်ဖို့ မသင့်ဘူးလို့  ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

“ဒီကိစ္စက ထိလွယ်ရှလွယ်တဲ့ တိုင်းရင်းသားတွေရဲ့ ကိစ္စ ဒီနိုင်ငံကလည်း ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်နေတဲ့အချိန် ဒီလိုမျိုးကိစ္စကတော့ မဖြစ်သင့်ဘူး။ ပဋိပက္ခတွေလည်း ဖြစ်နိုင်တယ်လေ။ စည်းလုံးညီညွတ်မှု ပြိုကွဲမှုတွေဖြစ်နိုင်တယ်။”

ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်ကလည်း ခန္တီးမြို့နယ်ဟာ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်းနေထိုင်ရာနေရာ မဟုတ်လို့ အခုလိုတောင်းဆိုတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“တောင်းတာကတော့ တောင်းမှာပဲ။ လူကြီးလာတဲ့ခရီးစဉ်မှာ၊ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီကိစ္စက ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဒီကိစ္စကတော့ တစ်ဦးတစ်ယောက်တည်းပိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ခန္တီးဆိုတာက အခုလိုမျိုး တောင်းဆိုလိုက်ခြင်းအားဖြင့် တိုင်းရင်းသား အချင်းချင်းမှာ သွေးကွဲစေတယ်ပေါ့။ ဒီလိုမျိုး လုပ်ရပ်ပေါ်မှာ”

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းအတွင်းက လေရှီး၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ နန်းယွန်းနဲ့ တမူးမြို့နယ်တွေကို သွားရောက်ခဲ့ပါတယ်။ လေရှီးမြို့က လူထုတွေ့ဆုံပွဲမှာ ဒေသခံ ဦးကေရှီမှူး ဆိုသူက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂဒေသထဲ ထည့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

“နိုင်ငံတော်ကနေ ခွဲထွက်ဖို့ကြိုးစားတာ နိုင်ငံတော်ကို ပုန်ကန်ဖို့ကြိုးစားတာလည်း မဟုတ်ဘူး။ ယခင် နာဂ တောင်တန်းခရိုင်မှာပါဝင်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းရယ် ကချင်ပြည်နယ်က ဆွမ်ပရာ မြို့နယ်ခွဲတို့ကို စုစည်းပြီး လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါ နာဂပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ စဉ်းစားပေးပါလို့ လေးစားစွာ တင်ပြပါတယ်။”


ဒေါ်အောင်ဆန်းကြည်က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေကို လုပ်မယ်လို့ လေးရှီးမြို့ခံ ဦးကေရှီမှူးရဲ့ မေးမြန်းမှုအပေါ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဖြေကြားခဲ့ပါတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့ လုပ်နေတာဖြစ်ပါတယ်။ အဲဒါက ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒေသတစ်ခုအတွက်၊ ပြည်နယ်တစ်ခုအတွက် တိုင်းတစ်ခုအတွက်ဆိုပြီးတော့ ခွဲခြားပြီး ဒီအချိန်မှာ စဉ်းစားလို့မရပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဘောင်အတွင်းက စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေကို ကျမတို့ လုပ်မှာ ဖြစ်ပါတယ်။”

ဒီမေးမြန်းမှုနဲ့ ဆက်စပ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ငါးခုက ခရိုင်အဆင့်နဲ့ လျော်ညီတဲ့အဖွဲ့တွေဖွဲ့ပေးဖို့ တောင်းဆိုတာတွေရှိပြီး အဲဒီထဲမှာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ပါဝင်ကြောင်းနဲ့ အစိုးရအနေနဲ့လည်း ဒီတောင်းဆိုမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့ ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက သေချာစဉ်းစားပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“စာတင်ပြီးမှ ပြောတာမဟုတ်ဘူး။ သူက လက်တန်းခေါ်လိုက်တဲ့အခါမှာ ရှေ့မှာထပြောတာလေ။ တကယ်တမ်းကျတော့ ဒါမျိုးက သေချာကို စဉ်းစားပြီးမှ နိုင်ငံတော်အဆင့်က စဉ်းစားရမှာလေ။ ဒါက ပေါ့ပေါ့တန်တန်လုပ်လို့ မရဘူး။”


ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ နာဂတိုင်းရင်းသားတွေအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ လီဆူးနဲ့ ရခိုင်တိုင်းရင်းသားတွေလည်း နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ခန္တီးမြို့နယ်မှာ လူဦးရေ ၃၇၀၀၀ ကျော်ရှိပြီး နာဂက ၁၇၀၀၀ကျော် ၊ ဗမာတိုင်းရင်းသား ၉၅၀၀ ကျော်၊ ရှမ်းတိုင်းရင်းသား ၇၆၀၀ ကျော်နဲ့ ကျန်တိုင်းရင်းသားတွေ ရှိကြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာတော့ လူဦးရေ ၂၀၀၀၀၀ ကျော်ရှိပြီး ရှမ်းနီတိုင်းရင်းသားတွေက ၁၆၀၀၀၀ ကျော်ရှိပြီး နာဂတိုင်းရင်းသားက ၁၆၀၀ ဝန်းကျင်သာရှိတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org