ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုမှာ အကျဉ်းသား ၁၈ ဦး ထောင်ခြောက်လစီ ထပ်တိုးချခံရ
ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုမှာ ရိုက်နှက်ခံထားရတဲ့ အကျဉ်းသား ၁၈ ဦးကို ထောင်စည်းကမ်း ဥပဒေ -၂၂၄ အရ ထပ်တိုးပြစ်ဒဏ် ထောင်ခြောက်လစီ ချမှတ်ခဲ့တယ်လို့ (PPNM) က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-04-03 -
-
-
ဧရာ၀တီတိုင်း ဖျာပုံထောင်က ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတဲ့ အကျဉ်းသား ၁၈ ဦးကို ထောင်စည်းကမ်း ဥပဒေ -၂၂၄ အရ ထပ်တိုးပြစ်ဒဏ် ထောင်ခြောက်လစီ ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့အပါအဝင် ထပ်တိုးပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကို တိုက်ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။
အမိန့်ချမှတ်ခံရသူတွေဟာ အခုဖြစ်စဉ်မှာ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရသူတွေဖြစ်ပြီး ကျူးလွန်ခံရသူတွေကို တရားခံအဖြစ် စွပ်စွဲကာ ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခံရတာ မဖြစ်သင့်ဘူးလို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
”အကျဉ်းထောင်ထဲမှာ မတရားရိုက်နှက်ခံရတဲ့ အကျဉ်းသားတွေဟာ ကိုယ်တိုင်လည်း ကျူးလွန်ခံရပြီးမှ တရားခံအဖြစ် စွပ်စွဲခံရတာဟာ လုံး၀မဖြစ်သင့်ဘူး။ အခုလည်း အမိန်ချခံထားရတဲ့အထဲက သုံးယောက်က လဲနေတယ်။ မထူနိုင်အောင်ဖြစ်တော့ စိုးရိမ်ရတယ်”
မတ်လ ၃၁ ရက်နေ့က အမှုရင်ဆိုင်နေရဆဲ အချုပ်သားတစ်ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တဲ့ကိစ္စက စတင်လို့ ထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲက အကျဉ်းထောင်တွင်း ဝင်ရောက်ကာ ပစ်ခတ်ဖြိုခွင်းတဲ့အဆင့်ထိ ဖြစ်ခဲ့တာပါ။
ဒီဖြစ်စဉ်မှာ အကျဉ်းသား ရှစ်ဆယ်ကျော်အထိ ရိုက်နှက်စစ်ဆေးခံရပြီး ထပ်တိုးပြစ်ဒဏ်ချမှတ်ခံရသူတွေ အပါအဝင် လူ နှစ်ဆယ်ခန့်က ဒဏ်ရာပြင်းထန်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူပေါင်း နှစ်သောင်းကျော် ( ၂၀,၃၀၄ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူကိုးထောင်နီးပါး (၈၈၈၄ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။