အစာငတ်ခံ ဆန္ဒပြပွဲ ပြီးဆုံးပြီလို့ အကျဉ်းသား မိသားစုဝင်များ ပြောဆို

အင်းစိန် အကျဉ်းထောင်က အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ ဆန္ဒပြပွဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က အဆုံးသတ် လိုက်ပြီလို့ ယူဆကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman) (Photo:RFA/Tyler Chapman)

အင်းစိန် အကျဉ်းထောင်မှာ အောက်တိုဘာ ၂၆ ရက်က စပြီး နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက အကျဉ်းသား ရပိုင်ခွင့်အတွက် အစာငတ်ခံ ဆန္ဒပြနေရာမှာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိတဲ့အပြင် ဆန္ဒပြသူတွေကို ထောင်ဝင်စာ ပိတ်လိုက်တာကြောင့် ဘာသတင်းမှ မရရှိဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တာနားက စိုးရိမ်မိကြောင်း အခုအပတ် အစောပိုင်းက ထုတ်ဖော် ပြောဆိုပါတယ်။

ဒီကနေ့ ညနေပိုင်းက ရတဲ့ သတင်းတွေအရ စစ်ခွေးတိုက်မှာ ပို့ထားသူ ၈ ဦးကို မူလအဆောင်တွေ ပြန်ပို့လိုက်ပြီ ဆိုတာကြောင့် ဆန္ဒပြပွဲ ပြီးဆုံးသွားပြီလို့ ယူဆကြောင်း အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ယက်က ကို အောင်ဇော်ထွန်းက ခုလို ပြောပါတယ်။

“ပြစ်ဒဏ်တိုက်မှာ မရှိတော့ဘူး ဆိုတာတော့ ကျိန်းသေတယ်။ သူတို့ရဲ့ တောင်းဆိုချက်ကို အပြည့်အဝ လိုက်လျောတာ မလိုက်လျောတာတော့ မသိဘူး။ ဒါပေမဲ့ တစ်စုံတစ်ရာ ညှိနှိုင်းပြီးတော့ ဆန္ဒပြမှုကို ရပ်တန့်သွားပြီလို့တော့ ပြောလို့ရပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က စတင် ရွှေ့ပြောင်းကြောင်းနဲ့ ထောင်ဝင်စာ တွေ့ဆုံခွင့် မပေးပေမဲ့ အဲဒီနေ့မှာပဲ ထောင်အာဏာပိုင်တွေက ဆန္ဒပြသူတွေ အတွက် ပါဆယ်သွင်းခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org