အစိုးရသစ် ခေါင်းဆောင်များ မြန်မာ့သမိုင်းမှာ အများဆုံးလစာများ ရမည်

စစ်အစိုးရလွှတ်တော်သစ်က ခန့်အပ်မဲ့ အစိုးရအဖွဲ့သစ်အတွက် သမတအပါအဝင် လွှတ်တော်အမတ်တွေအထိ ခေါင်းဆောင်တွေရဲ့ လစာတွေဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူး အများဆုံးရမဲ့ လစာပမာဏတွေ ဖြစ်တယ်လို့ သိရပါတယ်။

မန္တ္တလေးမြို့၊ မဟာ ဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတပါးက ဆွမ်းခံ၍ ရရှိလာသော စားစရာများကို စားရမဲ့ သောက်ရမဲ့ ကလေးများနှင့် မိသားစုများကို ၂၀၀၉ စက်တင်ဘာ ၂၉ ရက်နေ့က ပေးဝေနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

သမတ ဦးသိန်းစိန်ရဲ့ လစာဟာ ကျပ်သိန်း ၅၀ ဖြစ်ပြီး၊ ဒုတိယသမတတွေ ဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဒေါက်တာ စိုင်းမောက်ခမ်းတို့ဟာ လစာဝင်ငွေ သိန်း ၄၀ စီ ရရှိကြမယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ထုတ်ပြန်တဲ့ ဥပဒေတွေကို ကိုးကားပြီး ရန်ကုန်မြို့မှာ အခုသီတင်းပတ် အတွက် ထုတ်ဝေတဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ အဆက်ဆက် ဝန်ကြီးတွေ လစာဘယ်လောက် ရရှိနေကြသလဲဆိုတာ အရင်က ထုတ်ပြန်ကြေညာခဲ့တာ မရှိပါဘူး။

အခုလို အစိုးရအဖွဲ့ဝင်တွေရဲ့ လစာတွေကို မြင်သာထင်သာ ထုတ်ပြန်တာဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ရန်ကုန်မြို့က စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်ပါတယ်။

ဒီလောက်ဆိုရင် သူတို့လည်း အိမ်စရိတ်လေးတွေ ဘာလေးတွေတော့ လုံလောက်လိမ့်မယ် ထင်တယ်။

“လခတွေနဲ့ တကွ ဖော်ပြထားတာကို သဘောကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါ transparent ဖြစ်တာပေါ့နော်၊ မြင်သာထင်သာ ရှိတာကို သဘောကျပါတယ်။ အဲဒါတခု။ နောက်တခုကတော့ ဒီလောက်ဆိုရင် သူတို့လည်း အိမ်စရိတ်လေးတွေ ဘာလေးတွေတော့ လုံလောက်လိမ့်မယ် ထင်တယ်။ တတိယတခုအနေနဲ့ ပြောချင်တာကတော့ နောက်ကျတော့ တခြား ဝန်ထမ်းတွေရဲ့ လစာတွေလည်း အဲဒီလို လိုက်လျောညီထွေ လိုက်ပြီးတော့ တိုးတက်ကောင်း တိုးတက်မယ်လို့ အဲလို မျှော်လင့်တယ်။”

ဒါ့ပြင် လွှတ်တော် ဥက္ကဋ္ဌတွေ ဖြစ်တဲ့ ဦးသူရရွှေမန်း၊ ဦးခင်အောင်မြင့်တို့ရဲ့ လစာဟာ ပြည်ထောင်စု တရားသူကြီးချုပ် လစာနဲ့ တန်းတူ ၃၅ သိန်း ရရှိကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးတွေရဲ့ လစာဟာ ပြည်နယ်-တိုင်းဒေသကြီး ဝန်ကြီးချုပ်လစာနဲ့ တန်းတူ သိန်း ၃၀ ရရှိမှာ ဖြစ်ပါတယ်။ ပြည်နယ်-တိုင်းဒေသကြီး ဝန်ကြီးတွေရဲ့ လစာကတော့ ပြည်ထောင်စု ဒုတိယဝန်ကြီးတွေနဲ့ တန်းတူ သိန်း ၂၀ စီ ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အမတ်တွေကတော့ လစာကျပ် ၃ သိန်း ရရှိမှာဖြစ်ကြောင်း အဲဒီ ချီးမြှင့်ငွေနဲ့ စရိတ်နဲ့ အဆောင်အယောင်များ ဆိုင်ရာ ဥပဒေတွေမှာ ဖော်ပြထားကြောင်း သိရပါတယ်။

ဒီအတောအတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ လစာဝင်ငွေတွေကိုလည်း မကြာခင် တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ နေပြည်တော် စစ်အစိုးရ ဝန်ကြီးတွေနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org