ရခိုင်ပြည်နယ် ပဋိပက္ခ ပြီးဆုံးရေး ပူးပေါင်းကြိုးပမ်းဖို့ သမ္မတတိုက်တွန်း

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားရအောင် ပြည်နယ် အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံမှာ အစိုးရတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ် photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားရအောင် ပြည်နယ် အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်းက အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုတိုက်တွန်း ပြောဆိုခဲ့ တာပါ။

"လက်ရှိဖြစ်ပျက်သွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဟာ ပြန်ပြီးတော့ကောင်းမွန်လာအောင် ကျနော်တို့လုပ်နေရတဲ့အချိန်မှာ နောက်ထပ်မဖြစ်ဖို့ အရေးကြီးပါတယ်၊ ပြီးခဲ့တဲ့ ပဋိပက္ခတွေရဲ့  အဆုံးရှုံးတွေကိုသိပြီးသလို နောက်ထပ်အဆုံးအရှုံးတွေ ထပ်ပြီးတော့မဖြစ်အောင် ပဋိပက္ခတွေ ထပ်ပြီးတော့မဖြစ်အောင် ပြည်သူတွေနဲ့ပေါင်းပြီးတော့မှ အားသွန်ခွန်စိုက် ကျနော်တို့ဆောင်ရွက်ပေးသွားမှာပါ"

ဒီတွေ့ဆုံပွဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြန်လည်သင့်မြတ်အောင် ကြိုးပမ်းဖို့ ကြားခံအဖွဲ့အစည်းတစ်ခု ဖွဲ့ပေးဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ဦးလှမောင်တင်က သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီနေ့မနက် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် ခေါင်းဆောင်တွေ နဲ့တွေ့ဆုံရာမှာ နှစ်ဖက်သင့်သင့်မြတ်မြတ်နေဖို့ တိုက်တွန်းခဲ့သလို မြောက်ဦး၊ ကျောက်တော်၊ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် နှစ်ဘက်ခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံရာမှာလည်း  ငြိမ်းချမ်းစွာအတူ လက်တွဲနေထိုင်ကြဖို့ ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့ကိုသွားရောက်ကာ နှစ်ဖက်ခေါင်းဆောင်တွေ နဲ့တွေ့ဆုံပြီး သံတွဲမြို့မှာ ညအိပ်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက တွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org