ရခိုင်ပဋိပက္ခကို သံသယရှိဟု သမ္မတပြောကြား
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ မိမိရဲ့ခရီးစဉ် နဲ့ အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် ပါတယ်။
-
2013-10-04 -
-
-
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ မိမိရဲ့ခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ သံတွဲမြို့ အဏ္ဏဝါရိပ်သာမှာ ရခိုင်တိုင်းရင်းသားနဲ့ ကမန်တိုင်းရင်းသား ဒေသခံခေါင်းဆောင်တွေကို ကြာသပတေးနေ့ မနက်ပိုင်းက တွေ့ဆုံရာ မှာ နိုင်ငံတော်သမ္မတက အခုလိုပြောကြားခဲ့တာပါ။
မိမိအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနေပြီလို့ ယုံကြည်ပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို လေ့လာအကူ အညီပေးနိုင်ဖို့ လာရောက်ခဲ့ပေမဲ့၊ မိမိရောက်ရှိနေချိန်မှာ သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုကနေ ပဋိပက္ခတချို့ ပေါ်ပေါက်ခဲ့တာဟာ မိမိခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့တောင် သံသယဖြစ်စရာ အကြောင်းတွေရှိကြောင်း၊ မိမိတို့ရရှိထားတဲ့ အထောက်အထားတွေအရ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သူတွေဟာ ပြင်ပကျေးရွာတွေက လာရောက်သူတွေဖြစ်တယ်လို့ သိရကြောင်း၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် တိုက်ခိုက်နေခဲ့ကြရာမှာ မည်သူကမျှအနိုင်မရပဲ တိုင်းပြည်တခုလုံး နစ်နာဆုံးရှုံးခဲ့ရကြောင်း၊ ဒါကြောင့် အခုအခါ နိုင်ငံရေးနည်းနဲ့ စေ့စပ်ဆွေးနွေးအဖြေရှာဖို့ အားလုံးကြိုးပမ်းဆောင်ရွက်နေကြတဲ့အချိန်မျိုးမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဖြစ်အောင် အကြမ်းဖက်ကျူးလွန်မှုတွေ၊ ပြည်သူတွေအချင်းချင်း အပြန်အလှန်စိုးရိမ်နေရတဲ့ အခြေအနေတွေကို မိမိလက်မခံနိုင်ကြောင်းဖြင့်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာက အသိအမှတ်ပြု ချီးကျူးနေချိန်မှာ အခုလိုပဋိပက္ခတွေကြောင့် နိုင်ငံနဲ့လူမျိုးအတွက် မျက်နှာပျက်စရာတွေဖြစ်ခဲ့ရကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ နည်းလမ်းအားလုံးကိုအသုံးပြုပြီး၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ တရားဥပဒေအတိုင်း တိတိကျကျ အရေးယူသွားမှာဖြစ်ကြောင်း၊ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခဲ့ရသလို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရမယ့် ငွေကြေးအရင်းအမြစ်တွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော်က သုံးစွဲလိုက်ရတဲ့အတွက် သက်ဆိုင်ရာဒေသအနေနဲ့လည်း နစ်နာရကြောင်းစသဖြင့် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။