ခြောက်ပွင့်ဆိုင်နဲ့ ဖွဲ့စည်းပုံပြင်ရေး သမ္မတဦးသိန်းစိန် စိတ်အားထက် သန်ခြင်းမရှိဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲနဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးအတွက် စိတ်အားထက်သန်ပုံမရဘူးလို့ ပြော ကြားလိုက်ပါတယ်။

နေပြည်တော်က သမ္မတအိမ်တော်မှာ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ခြောက် ပွင့်ဆိုင်တွေ့ဆုံပွဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စိတ်အားထက်သန်ပုံမရဘူးလို့ ပြောကြားလိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"ဘာလဲဆိုတော့ အခုထက်ထိလည်း ဒုတိယအကြိမ် အစည်းအဝေးမခေါ်သေးဘူးဆိုတော့ ဒါစိတ်အား ထက်သန်မှု မရှိဘူးလို့ ဒီလိုပဲတွက်ရမှာပဲ၊ အစကတော့ အစ်မတို့ သဘောတူထားတာက လွှတ်တော်မတိုင်မီ ဒါမှမဟုတ် လွှတ်တော်စခါစဆိုပေမဲ့ အခုက လွှတ်တော်စတာပဲ တစ်ပတ်ကျော်သွားပြီလေ၊ ဘာမှပြောတာဆိုတာ အသံမကြားရသေးဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း စိတ်အား ထက်သန်မှုမရှိဘူးနဲ့ တူပါတယ်"

ဒါ့အပြင် လူဦးရေတိုးပွားမှု ထိန်းချုပ်တဲ့ဥပဒေကို ပြဌာန်းခဲ့တာဟာ ဥပဒေနဲ့ကိုက်ညီခြင်း မရှိဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အဲ့ဒီဥပဒေနဲ့ ပတ်သက်ပြီး ဒုတိယရှေ့နေချုပ်က ဒီဥပဒေကို မလိုက်နာလည်း ဘာမှအရေးယူမှာမဟုတ်ကြောင်း၊ ဒီဥပဒေဟာ အကြံပေးချက် သဘောမျှဖြစ်ကြောင်း လွတ်တော်မှာ လာရောက်ရှင်းပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အဲ့ဒါ မလိုက်နာရင်လည်းရပါတယ်ဆိုတော့ အဲ့ဒါဥပဒေပြဌာန်းဖို့ လိုသလားလို့၊ ဥပဒေဆိုတာ လိုက်နာရမယ်၊ မလိုက်နာလို့ရှိရင် အရေးယူမယ်ပေါ့၊ သူ့ဥပဒေရဲ့ သက်မှတ်ချက်အရ ဒီလိုလည်းမဟုတ်ဘူးတဲ့ ဒါဟာဘာ ကကောင်းတယ်ဆိုပြီး ညွှန်ပြတဲ့သဘောမျိုးလို့ဆိုတော့ ပညာပေးတယ်ဆိုတာ ဥပဒေမှမဟုတ်ပဲ"

တဆက်တည်းမှာပဲ ဒုက္ခသည်ပြသနာတွေပေါ်ပေါက်ရတဲ့ မူရင်းဇစ်မြစ်ကို ရှာဖွေဖြေရှင်းဖို့ လိုကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org