ဟိန္ဒူတစ်ရာကျော် အသတ်ခံရမှု နှစ်နှစ်ပြည့်ဆုတောင်းပွဲကျင်းပ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် ဟိန္ဒူဘာသာဝင် ၁၁၃ ဦး သေဆုံးခဲ့ပါတယ်။
-
2019-09-18 -
-
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် ဟိန္ဒူဘာသာဝင် ၁၁၃ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့သူတွေကို ရည်စူးပြီး ရန်ကုန်မြို့မှာ ဆုတောင်းမေတ္တာပို့သတဲ့ပွဲ ပြုလုပ်ခဲ့ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တချို့၊ ဟိန္ဒူဘာသာဝင်တွေ၊ သံတမန်တချို့ တက်ရောက်ကြပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာနဲ့ ရဲဘော်ကျကျေးရွာအနီးမှာ ဟိန္ဒူဘာသာဝင် ၉၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အခြားကျေးရွာတချို့မှာလည်း ဟိန္ဒူဘာသာဝင်တချို့ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီလို့သေဆုံးခဲ့တဲ့သူတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု မရသေးတဲ့အပြင် နိုင်ငံတကာမှာ လစ်လျူရှု ခံနေရတယ်လို့ ရခိုင်ပြည်နယ် ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ ရန်ကုန်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးရာဂူနေမြင့်က ပြောပါတယ်။
မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၄,၀၀၀ ကျော် နေထိုင်ပြီး အဲဒီအထဲက ၁,၂၀၀ ကျော်ဟာ ဒီနေ့အထိ မောင်တောနဲ့ စစ်တွေမြို့ပေါ်မှာ မှီခို နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
မောင်တောမှာရှိတဲ့ ဟိန္ဒူဒုက္ခသည်တွေကို အရင်က အစိုးရအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့တချို့က ကူညီ ထောက်ပံ့ခဲ့ပေမယ့် အကူအညီမရတာ ရှစ်လလောက် ရှိတာကြောင့် အခက်တွေ့နေတယ်လို့ မောင်တောကလာရောက်တဲ့ ဟိန္ဒူခေါင်းဆောင် ဦးနီမောလ်က ပြောပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဟိန္ဒူဘာသာဝင် ၄၄၄ ယောက်ဟာ မြန်မာနိုင်ငံကို ပြန်လာချင်ကြပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်တာတွေရှိတာ၊ ဘင်္ဂလားဒေ့ရ်ှအစိုးရ ပြန်ဖို့အတွက် အကူအညီမပေးတာတွေကြောင့် ပြန်လာလို့ မရသေးကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ဖူးတဲ့ ဦးရာဂူနေမြင့်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒုက္ခသည်တွေ ပြည်တော် မပြန်နိုင်သေးတာဟာ မြန်မာအစိုးရရဲ့ အားနည်းချက်ကြောင့်ဖြစ်ကြောင်း မကြာခဏ ပြောဆိုနေပါတယ်။
မြန်မာအစိုးရက ဟိန္ဒူဘာသာဝင်တွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှအစိုးရကို တိုက်တွန်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်၊ တရုတ်၊ ဂျပန် အစရှိတဲ့ သံတမန်တွေကို မေတ္တာရပ်ခံသလို ဘင်္ဂလားဒေ့ရ်ှသံအမတ်ကိုလည်း ခေါ်ယူပြီး တိုက်တွန်းထားပါတယ်။
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA လို့ အမည်ပေးထားတဲ့ ရိုဟင်ဂျာ စစ်သွေးကြွ အဖွဲ့ဝင်တွေဟာ အစိုးရ နယ်ခြားစောင့် ရဲကင်းစခန်း ၃ဝ ကျော်ကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ၊ အနောက်ခမောင်းဆိတ်၊ ရဲဘော်ကျနဲ့ မြို့သူကြီးကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေကို အပြစ်ပေးသတ်ဖြတ်တဲ့ ပုံစံနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာလို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ပြီးခဲ့တဲ့နှစ် မေ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။
၂ဝ၁၇ စက်တင်ဘာလမှာ သတင်းထောက်တွေကို တပ်မတော်က ခေါ်ဆောင်ပြီး အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ ဟိန္ဒူအလောင်းတွေကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ARSA အကြမ်းဖက်အဖွဲ့က သူတို့ လက်ချက်မဟုတ်ကြောင်း အဲဒီအချိန်က ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ AI အဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်သစ်တွေအရ မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာမှာ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဟိန္ဒူဘာသာဝင် ၅၃ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
ARSA အဖွဲ့ဝင်တွေဟာ ဟိန္ဒူ ကလေး၊ အမျိုးသမီးနဲ့ အမျိုးသားတွေကို ရွာအပြင်ထုတ် ရက်ရက်စက်စက် မသတ်ဖြတ်ခင် ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့ကြောင်း၊ အမျိုးသားတွေကို သတ်ပြီး အမျိုးသမီးတချို့ကို အစ္စလာမ်ဘာသာ အတင်းအကျပ် ကူးပြောင်းခိုင်းပြီး ခေါ်ဆောင်သွားကြောင်းလည်း AI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြသည်)