အမေရိကန် ကိုယ်စားလှယ်တွေ NLD ခေါင်းဆောင်တွေနဲ့ တွေ့မည်
မြန်မာနိုင်ငံရောက် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Michael Posner နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Mr. Derek Mitchell နိုဝင်ဘာ (၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
-
2011-11-02 -
-
-
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell သည် မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်တွင် သွားရောက်တွေ့ဆုံပြီး သီးသန့်ဆွေးနွေးခဲ့သည်။
AFP
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံပြီး တွေ့ဆုံချိန်မှာ အမေရိကန် ကိုယ်စားလှယ်တွေ သိချင်တဲ့ အကြောင်းအရာတွေပေါ် အခြေခံပြီး NLD ပါတီခေါင်းဆောင်တွေ ဘက်က ပြန်လည် ဆွေးနွေးသွားမယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဟန်သာမြင့်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Michael Posner ဟာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပြင် လွှတ်တော်က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အခုလို အမေရိကန်နိုင်ငံ သံတမန်တွေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်တွေဟာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ပိုပြီး တွန်းအားပေးတယ်လို့ အမျိူးသားဒီမိုကရေစီ အင်အားစု ပြည်သူ့လွှတ်တော် အမတ် ဦးစိုးဝင်းက RFA ကို ပြောပါတယ်။
အမေရိကန် အဆင့်မြင့် အရာရှိတွေရဲ့ ခရီးစဉ်ဟာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ကိစ္စအပါအဝင် မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကာကွယ်ရေးနဲ့ မြန်မာအမျိုးသား ပြန်လည် သင့်မြတ်ရေးတွေမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ပိုမိုပါဝင် ဆောင်ရွက်နိုင်အောင် ဆွေးနွေး အဖြေရှာဖို့ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။