ခရစ္စမတ်မတိုင်ခင် အပစ်ရပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

အပစ်အခတ်ရပ်စဲပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခရစ္စမတ်ကာလကို ရောက်နိုင်ဖို့ နိုင်ငံတကာကို အလေးအနက်တောင်းဆိုတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က စိန့်ပီတာရင်ပြင်တွင် ကျင်းပသည့် ဆုတောင်းပွဲအတွင်း မိန့်ခွန်းပြောကြားနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ Photo: AFP

မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ခရစ္စမတ်မတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

စိန့်ပီတာရင်ပြင်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ဆုတောင်းပွဲအတွင်း မိန့်ခွန်းပြောချိန် မိန့်ကြားခဲ့တာဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာ၊ ဆူဒန်၊ ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်နဲ့ ဆီးရီးယားနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်မှာ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးရအောင် ဆက်လက်ဆုတောင်းပေးကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

စစ်မျက်နှာပြင်အသီးသီးမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခရစ္စမတ်ကာလကို ရောက်နိုင်ဖို့ နိုင်ငံတကာကို အလေးအနက်တောင်းဆိုတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ဆုတောင်းပွဲမှာလည်း မြန်မာနိုင်ငံ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံး လက်နက်တွေချပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးရဖို့ အာမခံနိုင်တဲ့ စိတ်ရင်းမှန်နဲ့တွေ့ဆုံဆွေး‌နွေးပွဲ စတင်ဖို့ လေးနက်စွာ‌ မေတ္တာရပ်ခံကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မကြာခဏ ဆုတောင်းပေးလေ့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org