ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးဝါး

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ကိုနိုင်လင်းဟာလည်း သွေးသွင်း ကုသနေရကြောင်း ကလေးမြို့ အကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာတဲ့ ဦးရောဘတ်ဆန်းအောင်က အာအက်ဖ်အေကို ပြောပါတယ်။

“ကလေးထောင်မှာ ဆရာတော် ဦးဂန္ဘီရ ကျန်းမာရေးအခြေအနေ အလွန် ဆိုးဝါးနေတယ်။ ငှက်ဖျားရောဂါ အပြင်းအထန် ပြန် ဖြစ်နေတယ်။ ဆေးဝါး လုံလောက်မှု မရှိဘူး။ နောက်တယောက် ဖြစ်တဲ့ ကိုနိုင်လင်း၊ သွေးကင်ဆာ သဘောမျိုး ဖြစ်နေတယ်။ သွေးသွင်းပေးနေရတဲ့ ဘဝ ရောက်နေတယ်။ ကျန်းမာရေး အလွန် ဆိုးဝါးနေတယ်။ ဆေးဝါးကုသမှု အပိုင်းမှာ အလွန်အား နည်းနေတယ်”

ဒါ့အပြင် ကလေးမြို့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ အကျဉ်းသားတွေဆီက ငွေညှစ်တာတွေ၊ မတရား အမှုတွေ လုပ်ဆောင်ပြီး ငွေမရရင် ရိုက်နှက် တောင်းယူနေတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

အဖမ်းဆီးမခံရခင်က ရှေ့နေတဦး ဖြစ်ခဲ့တဲ့ ဦးရောဘတ်ဆန်းအောင်ဟာ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို သွားရောက် တက်ရောက်စဉ်မှာ အာဏာပိုင်တွေက ဝိုင်းဝန်းရိုက်နှက်တာ ခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org