နိုင်ငံရေးပါတီ ဥပဒေသစ် စစ်ကောင်စီပြဋ္ဌာန်း၊ ငွေသိန်းတစ်ထောင်နဲ့ ပါတီဝင်တစ်သိန်းရှိဖို့လို

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်အရ ပါတီဆက်လက်ရပ်တည်ခွင့်မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲကာလ နေပြည်တော်တွင် မဲဆွယ်စည်းရုံးနေသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ။ AFP

စစ်ခေါင်းဆောင်က ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ်တွေ ဇန်နဝါရီ ၂၆ နေ့က ပြဋ္ဌာန်းလိုက်ပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေအရ ပါတီအသစ် ထူထောင်ချင်တဲ့သူဟာ မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်အပ်ငွေ သိန်းတစ်ထောင်ရှိရမှာဖြစ်ပြီး၊ ပါတီထူထောင်တဲ့နေ့ကစပြီး သုံးလအတွင်းမှာ ပါတီဝင် အင်အားတစ်သိန်းစည်းရုံးနိုင်ရမယ်လို့ ပါရှိပါတယ်။

မတရားအသင်းကြေညာခံထားရတဲ့သူတွေ၊ ထောင်ဒဏ်ကျခံနေရသူတွေဟာ ပါတီတည်ထောင်ခွင့် မရှိဘူးလို့ စစ်ကောင်စီက ကြေညာပါတယ်။

လက်ရှိရှိနေတဲ့ နိုင်ငံရေးပါတီတွေ အားလုံးဟာလည်း ဒီဥပဒေသစ် ပြဋ္ဌာန်းလိုက်တဲ့နေ့ကစလို့ ရက်ပေါင်း ၆ဝ အတွင်း ပြန်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ အဲဒီလို မှတ်ပုံမတင်ရင် ပါတီအလိုအလျောက် ဖျက်သိမ်းပြီးသား ဖြစ်မယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်အရ ပါတီဆက်လက်ရပ်တည်ခွင့်မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ NLD ဗဟိုကော်မတီဝင်တချို့ စေလွှတ်ပြီး ပါတီသဘောထားတွေ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့မှ သဘောထား ပြောဆိုလို့ရမယ်လို့ တုံ့ပြန်ခဲ့ဖူးကြောင်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီဝင်တော်တော်များများကိုလည်း ဖမ်းဆီးထားပါတယ်။

နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေကြားကနေ နောက်တစ်ကြိမ် ရွေးကောက်ပွဲပြန်လုပ်ဖို့လည်း စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org