စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ပအိုဝ်းအားလုံးပါဝင်ဖို့ PNFC တိုက်တွန်း

စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် ကျရောက်နေသူတွေအနေနဲ့လည်း အဲဒီက ရုန်းထွက်ပြီး လူထုနဲ့ပူးပေါင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်)( PPDF-KD) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် မတ်လက တွေ့ရစဉ်။ PPDF-KD

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ကြိုးပမ်းရာမှာ ပအိုဝ်းပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာကျရောက်တဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ၇၄ နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းတိုက်တွန်း ထားတာပါ။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေအနေနဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေပေးပြီး စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် သွတ်သွင်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် ကျရောက်နေသူတွေကလည်း အဲဒီက ရုန်းထွက်ပြီး လူထုနဲ့ပူးပေါင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

၁၉၄၉ ဒီဇင်ဘာ ၁၁ ရက်နေ့က ပအိုဝ်းတိုင်းရင်းသားတွေဟာ ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးစတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီနေ့ဟာ ၇၄ နှစ်မြောက်ဖြစ်ပါတယ်။ အဲဒီတော်လှန်ရေးဟာ ၁၉၅၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပဒေသရာဇ်စနစ်ချုပ်ငြိမ်းခဲ့ရတာဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပအိုဝ်းပြည်သူတွေအားလုံးပါဝင်ဖို့ PNFC က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org