ဖားကန့် ကျောက်စိမ်းတူးမှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ ကျောက်တူးဖော်ရေး လုပ်ငန်းတွေကို စိစစ်ကြပ်မတ်ဖို့အတွက် လုံးခင်း-ဖားကန့် ရတနာမြေ ကျောက်စိမ်းတူးဖော်မှုကြီး ကြပ်ရေးအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းလိုက် ပါတယ်။

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့ က တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို စိစစ်ကြပ်မတ်ဖို့အတွက် လုံးခင်း-ဖားကန့် ရတနာမြေ ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းလိုက် ပါတယ်။

ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးအဖွဲ့ကို စီမံချက်တစ်ရပ်အနေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တာလို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ပြောပါတယ်။

"၂၅ ရက် ၅ လပိုင်းမှာပဲ ဖားကန့် လုံးခင်းဒေသမှာရှိတဲ့ ရတနာမြေမှာ ကျောက်တူးဖော်မှု ကြီးကြပ်ရေးအဖွဲ့ကို ကျနော်တို့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ နံပါတ် ၁ ဦးစားပေးအနေနဲ့ကတော့ ဥရုချောင်း ရေစီးရေလာကောင်းဖို့အတွက် ဦးစားပေးအနေနဲ့လုပ်ဖို့ စပြီးတော့ရေးဆွဲခဲ့ပါတယ်၊ ရှေ့ဆက်ပြီး တူးဖော်ရမယ့်လုပ်ငန်းပိုင်းတွေရော အားလုံးကို သူတို့အနေနဲ့ စီမံကိန်းရေးဆွဲပြီးတော့မှ ကျနော်တို့ဆီကိုတင်ပြဖို့ အားလုံးပြောထားပါတယ်"

အဲ့ဒီအဖွဲ့ကို ဖားကန့်မြို့နယ် ကျောက်စိမ်းတူးဖော်ရေးဌာနက ဦးဆောင်တာဖြစ်ပြီး သစ်တော၊ အုပ်ချုပ်ရေးဋ္ဌာန စတဲ့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်စိမ်း တူးဖော်ရေးတွေ လုပ်ကိုင်တဲ့အခါ ကျောက်တောင်တွေ ဖြိုရာမှာ အသုံးပြုတဲ့ ယမ်းဘီလူး ခေါ် ဒိုင်းနမိုက်တွေကို ကုမ္ပဏီတွေက ဖားကန့်ကို သယ်ယူခွင့်ပေးတာကို ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်နယ် အစိုးရအဖွဲ့ထံ အသိပေးသင့်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဖားကန့်မြို့နယ်က လုံးခင်း၊ မှော်စီစာ၊ ဝှေခါ၊ မှော်သစ်ကုန်း၊ ဆိပ်မူ စတဲ့ မှော်ရွာတဝိုက်မှာ ကုမ္ပဏီလုပ်ကွက်ပေါင်း ရှစ်ထောင်နီးပါး ရှိပြီး စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။

မိုးတွင်းကာလဖြစ်တဲ့ မေလကုန်ပိုင်းကစပြီး ယန္တရားတွေနဲ့ ကျောက်တူးဖော်မှုတွေကို ငါးလကြာ ရပ်နားထားပြီဖြစ် ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖားကန်-လုံးခင်းကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖားကန်မြို့နယ် ကျောက်စိမ်းတူးဖော်ရေးဌာနက စီမံချက်ရေးဆွဲနေပါတယ်။

ဖားကန့်-လုံးခင်း ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေကို စိစစ်ဖို့ဆောင်ရွက်နေတာတွေ အပါအဝင် မြေပြိုတာကြောင့် လူတွေထိခိုက် သေဆုံးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org